fbpx

This is digital planet.

ArticlesLifeStyleTech News

ဓာတ်ပုံတိုင်းမှာ အပြုံးတွေအသက်ဝင်စေဖို့

ဓာတ်ပုံဆိုတာ လူတစ်ယောက်အတွက် အမှတ်တရအခိုက်အတန့်တွေကို သိမ်းဆိမ်းပေးနိုင်မယ့် အကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ လူတိုင်းလိုလို Smartphone တွေ အကိုင်များလာတဲ့ ဒီဘက်ခေတ်မှာ ဓာတ်ပုံတစ်ပုံရိုက်ဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်တော့ဘူး။ သို့ပေမယ့် အလှဆုံးပုံတစ်ပုံရဖို့ကတော့ Camera ခလုတ်နှိပ်တတ်ရုံနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ အထူးသဖြင့် Camera ရှေ့မှာ ဘယ်လိုပုံစံ Pose ပေးရမှန်း၊ မျက်နှာပုံစံဘယ်လိုထားရမှန်း အသားမကျတဲ့ ကိုယ်တွေလိုလူတွေတွက် ဓာတ်ပုံကောင်းတစ်ပုံရနိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒါကြောင့် ဒီနေ့မှာ Matheiu Stern ဆိုတဲ့ Youtube Channel ပေါ်က ဓာတ်ပုံရိုက်တဲ့အခါ သဘာဝကျကျပြုံးနိုင်ဖို့ အထောက်အကူပေးနိုင်မယ့်နည်းတွေကို ပြောပြသွားပါ့မယ်။

Kin Ji Won

အသက်ရှူပါ

ဓာတ်ပုံရိုက်မယ်လို့ပြောလိုက်ရင် လူအများစုက သတိဆွဲထားသလို စိတ်ရောလူပါ တောင့်တောင့်ကြီးဖြစ်ပြီး Stress များတတ်ကြတယ်။ ဒါကြောင့် ဓာတ်ပုံမရိုက်ခင် ဖြစ်လာတဲ့ Stress တွလျော့ပါးအောင် မျက်လုံးမှိတ်ပြီး အသက်ကိုဝအောင် ဖြည်းဖြည်းချင်းရှူသွင်းပါ။ ပြီးတော့ တင်းကြပ်နေတဲ့ ကိုယ့်ခန္ဓာကိုယ်က ကြွက်သားတွေကို အာရုံစိုက်ပြီး ဖြည်းဖြည်းချင်းဖြေလျှော့ကြည့်ပါ။ (ဥပမာ ကိုယ့်မျက်နှာကြော၊ ပုခုံးကြောတွေပေါ့) လိုင်စင်ဓာတ်ပုံရိုက်နေတာမဟုတ်လို့ စိတ်ရောကိုယ်ပါပေါ့ပါးလေ ပုံကောင်းရနိုင်လေပါပဲ။

Image result for Mary Poppins

Julie Andrews

Money

ပိုက်ဆံလိုတယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီနည်းက Hollywood က သရုပ်ဆောင်တွေကိုယ်တိုင် ဓာတ်ပုံရိုက်မယ်ဆိုရင် သုံးလေ့ရှိတဲ့နည်းပါ။ Mary Poppins ရဲ့ မင်းသမီးဟောင်း Julie Andrews ဆိုရင် Interview တစ်ခုမှာ ဓာတ်ပုံရိုက်ရင် Cheese အစား Money လို့ပြောတာက အပြုံးတွေကို ပိုအသက်ဝင်စေတယ်လို့ ဖြေဖူးပါတယ်။ တခြား Kimchi, A-B-C တို့လို စကားလုံးတွေလည်းရှိပေမယ့် ကိုယ်တိုင်စမ်းဖူးသမျှမှာတော့ Money က အထိရောက်ဆုံးပါပဲ။ (နာမည်ကြားရုံနဲ့တင် ပျော်ရွှင်အားဖြစ်စေတဲ့ ပိုက်ဆံရဲ့တန်ခိုးကလည်း ကြီးမာလှပါပေ့)

Image result for jisoo blackpink

Jisoo

ကိုယ့်ကို ပျော်ရွှင်စေမယ့် အကြောင်းအရာတစ်ခုခုကို တွေးလိုက်ပါ

စိတ်ရဲ့ပျော်ရွှင်မှုပုံရိပ်ဟာ မျက်နှာပေါ်မှာထင်ဟပ်တတ်ပါတယ်။ တစ်ခါတစ်ရံလူတွေဟာ ကိုယ်အနှစ်သက်ဆုံးအရာတစ်ခုခုလုပ်နေရချိန်တွေမှာ ဘဝရဲ့အလှဆုံးအပြုံးတွေကို ရမှန်းမသိ ပိုင်ဆိုင်တတ်ကြတယ်။ ဒါကြောင့် အဲဒီပျော်စရာအမှတ်တရတစ်ခုခုကို ဓာတ်ပုံမရိုက်ခင် ပြန်တွေးကြည့်ပါ။ ဒါမှမဟုတ် ကိုယ်ချစ်မြတ်နိုးရတဲ့သူတစ်ယောက်ယောက် (မင်းသား၊ မင်းသမီးတွေကိုလည်း စိတ်ကူးယဉ်နိုင်ပါတယ်) က Camera ရဲ့နောက်မှာရှိနေတယ်ဆိုပြီး စိတ်ကူးယဉ်ကြည့်လိုက်ပါ။ (ကိုယ့်ကိုအဖက်မလုပ်တဲ့ Crush အကြောင်းသွားတွေးမိရင်တော့လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့)

Image result for park min young

Park Min Young

Camera ပေါ်မှာပဲ အရမ်းကြီးအာရုံစိုက်မနေပါနဲ့

သဘာဝကျတဲ့အပြုံးနဲ့ ကိုယ်နေဟန်ရဖို့ဆိုရင် Camera ပေါ်မှာချည်း အာရုံစိုက်နေလို့အဆင်မပြေနိုင်ပါဘူး။ Camera ကိုပဲတစ်ချိန်လုံးကြည့်နေမှ ပုံကောင်းထွက်တာမဟုတ်ပါဘူး။ ကိုယ်နေတတ်တဲ့ပုံစံအတိုင်း လွတ်လပ်ပေါ့ပါးနေမှ Camera ရှ့မှာရော လက်တွေ့ဘဝမှာပါ ကိုယ့်ရဲ့ သွင်ပြင်မူရာဟာ သဘာဝကျကျလှပနေနိုင်မှာပါ။ ပါးစပ်ကနေ မော်တော်ဘုတ်လို အသံမျိုးလုပ်ကြည့်တာ၊ ခေါင်းကိုခါယမ်းကြည့်တာ၊ အပျင်းဆန့်သလိုလုပ်ကြည့်တာ စတဲ့အမူအရာတွေကလည်း စိတ်ကိုပေါ့ပါးစေပြီး ကပိုကယိုနဲ့ တစ်မျိုးချစ်စဖွယ်ပုံစံသွင်ပြင်ကို ရစေနိုင်ပါလိမ့်မယ်။

Image result for photographer

ဓာတ်ပုံဆရာက စိတ်ပြေလက်ပျောက် ဟာသလေးတွေပြောပေးပါ

ဒီအပိုင်းကတော့ ဓာတ်ပုံဆရာရဲ့ ဟာသဉာဏ်နဲ့ပိုပြီးဆိုင်သွားပါပြီ။ သတိထားမိသလောက် Professional Photographer တွေက ဓာတ်ပုံအရိုက်ခံတဲ့သူတွေကို ကြားဖြတ်နားချိန်လေးတွေမှာ ဟာသလေးတွေပြောပြောပေးတာ ကိုယ်တိုင်ကြုံဖူးသလို အဲဒီနည်းကလည်း ဓာတ်ပုံရိုက်ရင်း ဖြစ်လာတဲ့ Stress ကို အတော်ပြေပျောက်စေပါတယ်။ ဒါကြောင့် အရိုက်ခံမယ့်သူကို ကိုယ်ရိုက်ချင်တဲ့ Pose တင်မကပဲ ဟာသလေးတွေပြောပေးတာက အလှပဆုံးအပြုံး၊ အလှပဆုံးပုံတွေများများထွက်လာဖို့ အထောက်အကူပေးပါလိမ့်မယ်။

ဒါကြောင့် ကိုယ့်ရဲ့အမှတ်တရအဖြစ် သိမ်းထားမယ့်ပုံတွေမှာ မျက်လုံးမှိတ်၊ နှာခမ်းစူ၊ ပါးဖောင်းဖို့ပဲ အမြဲကြိုးစားနေမှာထက်စာရင် သဘာဝကျကျလေး ပြုံးကြည့်တာက ဘယ်ချိန်ပြန်ကြည့်ကြည့် စိတ်ချမ်းသာမှုကို ပိုပြီးခံစားနိုင်ပါလိမ့်မယ်။ အပျော်ဆုံးအခိုက်အတန့်တွေကို အလှဆုံးအပြုံးတွေနဲ့ အမှတ်တရသိမ်းဆည်းနိုင်ကြပါစေဗျား။