fbpx

This is digital planet.

Tech NewsTwitter

၁၂နှစ်တာ ဝေးကွာနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို ပြန်လည်ဆုံစည်းစေခဲ့တဲ့ Twitter

တစ်ခါတစ်ရံ Facebook ရဲ့ Search Bar မှာ မတွေ့တာကြာပြီဖြစ်တဲ့ ကွဲကွာသွားတဲ့ ငယ်သူငယ်ချင်းတွေ၊ ပထမဆုံးတစ်ဖက်သတ်ချစ်ခဲ့ရတဲ့သူတွေ၊ ခဏတာဆုံတွေ့သိကျွမ်းခဲ့တဲ့ ရပ်ဝေးမြေခြားက မိတ်ဆွေတွေရဲ့ နာမည်တွေကို ရိုက်ရှာကြည့်မိတဲ့ အခိုက်အတန့်မျိုးကို ကြုံဖူးခဲ့ကြပါသလား? တကယ်တော့ အဆက်အသွယ်မရတာကြာပြီဖြစ်တဲ့ သူတစ်ယောက်ကို ပြန်လည်ဆုံတွေ့နိုင်ဖို့ဆိုတာ Social Media တွေမပေါ်ခင်ကဆိုရင် ပိုလို့တောင် မလွယ်ကူတဲ့ကိစ္စပါ။ ဒါပေမယ့် Social Media Platform တစ်ခုဖြစ်တဲ့ Twitter ကတော့ ၁၂ နှစ်ကြာ ဝေးကွာနေတဲ့ ရေခြားမြေခြားက သူငယ်ချင်းနှစ်ယောက်ကို ပြန်လည်ဆုံဆည်းစေနိုင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းလေးဟာ ၂၀၁၈၊ နိုဝင်ဘာမှာ ဖြစ်ပျက်ခဲ့တာပါ။ တစ်နေ့မှာ Brianna ဆိုတဲ့ မိန်းကလေးဟာ သူ့အဖွားသိမ်းဆည်းထားတဲ့ ဖြတ်၊ ညှပ်၊ ကပ် ဓာတ်ပုံစာအုပ်ကို ပြန်လည်လှန်လှောကြည့်ရင်း လွန်ခဲ့တဲ့ ၁၂ ကျော်၊ Hawaii ကို အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ခဲ့တုန်းက ညစာစားပွဲမှာ တစ်ညတာတွေ့ဆုံရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့ တွဲရက်ပုံလေးကို သွားတွေ့မိတယ်။

ဒီလိုနဲ့ အဲဒီသူငယ်ချင်း အခုဆို ဘယ်ရောက်နေ၊ ဘာလုပ်နေမလဲဆိုတာ သိလိုစိတ်ဖြစ်မိရာကနေ Twitter ပေါ်မှာ “ဒီကောင်မလေးဟာ 2006, Huawaii ရဲ့ ညစာစားပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး အဲဒီတစ်ညတာမှာတင် အကောင်းဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ရကြောင်း၊ အခု သူမကို သတိရမိနေပြီး သူဘာတွေလုပ်နေမလဲဆိုတာ သိချင်မိလို့ ဒီ Status ကို Retweet (Share) လုပ်ပြီး သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့နိုင်ဖို့ ကူညီရှာဖွေပေးစေလိုကြောင်း” သူမရဲ့ Twitter Account ကနေ ငယ်ဓာတ်ပုံနဲ့တကွ Post တင်ခဲ့ပါတယ်။

ဒါပေမယ့် ထင်မှတ်မထားပဲ သူမရဲ့ Post ဟာ Twitter ပေါ်မှာ Retweet (Share) လုပ်သူ 99,000 နဲ့ Like 211,000 ကျော်တဲ့အထိ Viral Topic တစ်ခုဖြစ်လာခဲ့တယ်။ တစ်ဆင့်စကား တစ်ဆင့်နား ဆိုသလို ၁၁ နာရီကျော် ကြာတဲ့နောက်မှာတော့ Brianna ရဲ့ Post ဟာ သူမ ရှာနေတဲ့ကောင်မလေးရဲ့ အတန်းဖော်တွေဆီကနေတစ်ဆင့် Heidi ဆိုတဲ့ ကောင်မလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပါတော့တယ်။

“နင် ငါ့ကိုရှာနေတယ်လို့ ကြားသိခဲ့ရပါပြီ” ဆိုတဲ့ Heidi ရဲ့ Reply ဟာ သူတို့နှစ်ယောက်ကို ပြန်လည်ဆုံဆည်းနိုင်ဖို့ မျှော်လင့်အားခဲနေကြတဲ့ User တွေအတွက် အလှပဆုံးဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ Virginia မှာနေထိုင်တဲ့ Brianna အတွက် Califonia က သူ့သူငယ်ချင်း Heidi နဲ့တွေ့ဆုံဖို့ဆို ဝေးလံတာကြောင့် အစပိုင်းမှာ FaceTime နဲ့ Social Media ကိုပဲ အားကိုးခဲ့ရတယ်။

သူတို့နှစ်ယောက်ကို လက်တွေ့ဘဝမှာ ပြန်လည်ဆုံစည်းစေခဲ့တာကတော့ TheEllenShow ဆိုတဲ့ TV အစီအစဉ်မှာပါ။ သူတို့ရဲ့ ဇာတ်လမ်းကို ကြားသိခဲ့ရတဲ့ Ellen ဟာ သူမရဲ့ TV Show Episode 10 မှာ ဒီသူငယ်ချင်းနှစ်ယောက်ကို ပြန်လည်ဆုံတွေ့နိုင်အောင် ဖိတ်ခေါ်ခဲ့လို့ Brianna နဲ့ Heidi တို့ဟာ ၁၂ နှစ်တာ ဝေးကွာပြီးနောက်မှာ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့နိုင်ခဲ့ကြပါတယ်။

တကယ်တော့ Internet နဲ့ Social Media တွေဆိုတာ အသုံးချတတ်သူတွေအဖို့ အသိပညာ ဗဟုသုတနဲ့ ခုလို ထင်မထားတဲ့ ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးမယ့် နေရာလေးတစ်ခုပါ။ အသုံးပြုတဲ့သူအပေါ်မူတည်ပြီး နီးတဲ့သူတွေကို ဝေးစေနိုင်သလို၊ ဝေးကွာနေတဲ့သူတွေကိုလည်း နီးစပ်စေနိုင်တယ်၊ ဆိုးကျိုးကို ခံစားစေနိုင်သလို ကောင်းကျိုးတွေကိုလည်း စံစားစေနိုင်တယ်။ ဒီတော့ ကိုယ့်ရဲ့မကျေနပ်ချက်တွေ၊ အမုန်းတရားတွေနဲ့အတူ အချိန်ဖြုန်းမယ့်အစား မသိတာတွေလေ့လား၊ သိတာတွေမျှဝေရင်း အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် Internet နဲ့ Social Media တွေဟာ သင်တို့အတွက် သာယာလှပြီး စိတ်တူကိုယ်တူ မိတ်ဆွေကောင်းတွေစုဝေးရာ ရပ်ဝန်းလေးတစ်ခု ဖြစ်လာမှာအသေချာပါပဲ။

Source