fbpx

This is digital planet.

ArticlesTech News

Display Panel တွေအကြောင်း

Smartphone တစ်လုံးကို စကိုင်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ ဒီဇိုင်းကာလာ ဘာညာအနေအထားကိုကြည့်ပြီးရင် User တွေပထမဆုံး စသတိထားမိကြမှာက သူ့ရဲ့ Display ပါ။ Display မှာ အလင်းအားကောင်းတယ်၊ အရောင်စိုတယ်၊ သဘာဝကျတယ်၊ နေရောင်ထဲမှာတောင်ကောင်းကောင်းမြင်တယ် စသည်ဖြင့် စသည်ဖြင့် အကြိုက်အမျိုးမျိုး ကွဲပြားတတ်ကြတယ်။ ထိုနည်းတူ Smartphone Company တွေအများစုကလည်း Marketing Terms တွေသုံးပြီး သူတို့ အသုံးပြုတဲ့ Display တွေကို အမျိုးမျိုး အမည်ပေးကင်ပွန်းတပ်ပြီး Customer တွေကို ဆွဲဆောင်တတ်ကြတယ်။

အဲဒီဂယက်က ဘယ်လောက်ထိသက်ရောက်လာလဲဆိုတော့ ဥပမာ Apple ရဲ့ Retina Display ဆိုရင် LCD Display တွေလိုမဟုတ်ဘူးလို့ထင်လာတာမျိုး၊ OLED လို့ ပြောလိုက်တာနဲ့ IPS LCD ထက်ကိုကောင်းတယ်လို့စိတ်ထဲစွဲနေတာမျိုး၊ OLED Display သုံးမှ Flagship ပီသတယ်လို့ယူဆလာတာမျိုး စသည်ဖြင့် Psycho တွေဝင်လာကြပါတယ်။ အဲဒီတော့ သူတို့ပြောတာတကယ်ရောမဟုတ်ဘူးလားလို့ မေးခဲ့ရင်တော့ မှန်သင့်သလောက်မှန်တယ်လို့ဖြေရမှာပါ။ သို့ပေမယ့် အများစုကတော့ သူတို့ပစ္စည်းဟာ သူများတကာထက်သာတယ်ဆိုတဲ့ Mind-set မျိုးကို Customer တွေအတွေးထဲဝင်အောင် မသိမသာ ဂျင်းခတ်ထားတဲ့အသုံးနှုန်းလေးတွေပါ။ ဆိုတော့ကာ Smartphone တွေမှာ သုံးလာခဲ့ကြတဲ့ Display အမျိုးအစားတွေ၊ လုပ်ဆောင်ချက်တွေ၊ အားနည်းချက်၊ အားသာချက်တွေနဲ့ ရှေ့လျှောက်မျှော်မှန်းနိုင်မယ့် နည်းပညာလေးတွေကို သိသလောက်မှတ်သလောက် ပြောပြပေးသွားပါ့မယ်။

Liquid Crystal Displays (LCD)

LCD လို့ပြောလိုက်ရင် ကျွန်တော်တို့ ဘိုးတော်ဘုရားလက်ထက်က Cathode Ray Tube လို့ခေါ်တဲ့ CRT TV ဘုလုံးလေးလေးကြီးတွေခေတ်ကနေ LCD TV ခေတ်ကိုတဖြည်းဖြည်းပြောင်းလဲလာတာကို အထူးသဖြင့် 90 kidsတွေ မှီလိုက်ကြမှာပါ။ LCD TV တွေဟာ အရွယ်အစားအားဖြင့်လည်း အတော်ပါးလွှာပြီး စွမ်းအင်သုံးစွဲမှုလည်းပိုမိုနည်းပါးတဲ့အတွက် ဈေးကွက်မှာ အလျင်အမြန်နေရာရခဲ့ပါတယ်။ (LCD လိုပြားချပ်ချပ်ဆိုပြီးတောင် သီချင်းလုပ်ဆိုခဲ့ကြတဲ့အထိပါပဲ)

နောက်ပိုင်း Keypad လို မျက်နှာပြင်တွေမှာ LCD တွေသုံးလာရာကနေ Screen မျက်နှာပြင်ပေါ်မှာထိတွေ့ပြီးအသုံးပြုနိုင်တဲ့ Touch Screen နဲ့ Smartphone ခေတ်ကိုရောက်လာခဲ့တယ်။ ဆိုတော့ Display တွေအကြောင်းမရှုပ်ခင် Touch Screen အမျိုးအစားတွေအကြောင်း နည်းနည်းပြောချင်ပါတယ်။ Touch Screen တွေမှာ Resistive နဲ့ Capacitive ဆိုပြီး နှစ်မျိုးရှိပါတယ်။ Resistive Touch Screen တွေကိုတော့ Conductor Layer နှစ်ခုကို အနည်းငယ်ခြား ပြီးတည်ဆောက်ထားပါတယ်။ အဲဒီ Conductor အလွှာနှစ်ခုအကြားက ဟနေတဲ့နေရာလေးဟာ Resistance အနေနဲ့လုပ်ဆောင်ပါတယ်။ Display ပေါ်ကို လက်နဲ့ထိတွေ့လိုက်တဲ့အခါမျိုးမှာ Pressure အရ ဖိလိုက်တဲ့နေရာမှာ Conductor အလွှာနှစ်ခုထိတွေ့ပြီး လျှပ်စီးလမ်းကြောင်းဖြစ်ပေါ်စေပါတယ်။ အဲဒီကနေတစ်ဆင့် Chipset ကို သတင်းပေးပြီး Chipset ကနေမှ ဖုန်းရဲ့ Operating System (OS)ကို လိုအပ်တဲ့ Information ပြန်ပေးခြင်းအားဖြင့် Touch Function ကို လုပ်ဆောင်ပါတယ်။

နောက်တစ်မျိုးကတော့ Capacitive Type ပါ။ သူကတော့ Conductor အကြည်လွှာကို Display မှန်နဲ့တွဲဆက်ဖန်တီးထားပြီး Screen ပေါ်လက်နဲ့ ထိတွေ့မှုတိုင်းကို တည်ငြိမ်လျှပ်စစ် စက်ကွင်းအနေနဲ့ ထုတ်လွှတ်ပေးပါတယ်။ (အဲဒီလျှပ်စစ်ပမာဏကို Capacitance ပြောင်းလဲမှုနဲ့တိုင်းတာတဲ့အတွက် သူ့ကို Capacitive Touch Screen လို့ခေါ်တာပါ) အဲဒီ နှစ်မျိုးမှာ Capacitive Type ဟာ Touch ကိုတုန့်ပြန်မှုနှုန်း ပိုပြီးကောင်းမွန်တဲ့အတွက် User တွေသဘောပိုကျတာကြောင့် နောက်ပိုင်း Smartphone တွေမှာ Capacitive Touch Screen တွေပဲ အသုံးများလာကြပါတယ်။ နောက်ပိုင်းမှာ မျက်နှာပြင်ရဲ့ချောမွေ့မှု၊ ကြမ်းတမ်းမှု စတာတွေကို တကယ့်အပြင်မှာထိတွေ့ရသလိုမျိုး Screen ပေါ်မှာခံစားနိုင်မယ့် Touch Screen နည်းပညာတွေကို အစပြုနေကြပြီမို့ နောက်ပိုင်းမှာ ပိုပြီးကောင်းမွန်တဲ့ Touch Screen တွေမြင်တွေ့လာရဖို့ရှိနေပါတယ်။ ကဲ….Touch Screen တွေအကြောင်းပြီးပြီဆိုတော့ Display ဘက်ကို ပြန်သွားကြရအောင်။ နေရာစုံ၊ နယ်ပယ်စုံမှာသုံးနေတဲ့ LCD အမျိုးအစားတွေ၊ Technology တွေအများကြီးရှိပေမယ့် Smartphone တွေမှာ အသုံးများတဲ့ LCD Display ၂ မျိုးအကြောင်းကိုပဲ အဓိက ဖော်ပြသွားပါ့မယ်။

TFT LCD

TFT ဆိုတာ Thin Film Transistor ကို ဆိုလိုပါတယ်။ TFT LCD တွေကို Active Matrix LCD လို့လည်း ခေါ်ကြပါတယ်။ Display တွေဟာ Pixel ပေါင်း သန်းနဲ့ချီ စီရီထားတဲ့ မျက်နှာပြင်တစ်ခုဖြစ်ပြီး Pixel တစ်ခုချင်းစီမှာ Red, Green, Blue လို့ခေါ်တဲ့ Basic Color ၃ခုရှိတယ်ဆိုတာ Technology နဲ့ ရင်းနှီးသူတိုင်း သိထားကြမှာပါ။ TFT အလွှာ ဟာ အဲဒီ Pixel အလွှာအောက်မှာတည်ရှိပြီး Pixel တစ်ခုစီတိုင်းကို Transistor Switch တစ်ခုစီက Support လုပ်ပေးပါတယ်။

TFT layer ရဲ့ လုပ်ဆောင်ချက်ကတော့ ပုံရိပ်တစ်ခုကနေ နောက်တစ်ခုကိုအပြောင်းအလဲ ကြားကာလမှာ Pixel တွေကနေ သုံးယူတဲ့ လျှပ်စစ်အား ကုန်ခမ်းမသွားအောင် ထိန်းညှိပေးပါတယ်။ TFT LCD တွေဟာ သူ့ရှေ့က LCD မျိုးဆက်တွေထက် ပိုကောင်းတဲ့ Image Quality နဲ့ Resolution ကိုပေးစွမ်းနိုင်ပေမယ့် Viewing Angle (Screen ကိုဘေးတစ်စောင့်ကြည့်ရင် မြင်နိုင်မယ့်ပမာဏ) မကောင်းတာရယ်၊ စွမ်းအင်သုံးစွဲမှု မြင့်မားတာရယ်ကြောင့် နောက်ပိုင်းမှာ IPS LCD တွေကိုပဲ ပိုအသုံးများလာကြပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်ပိုသက်သာတာကြောင့် အနိမ့်ပိုင်း Smartphone တစ်ချို့မှာတော့ ယနေ့တိုင်သုံးစွဲနေတုန်းပါပဲ။

IPS LCD

IPS ဆိုတာ In-phase Switching ကို ဆိုလိုတာပါ။ Display မှာပါဝင်တဲ့ Liquid Crystal တွေကို Display ဖွင့်ချိန်၊ ပိတ်ချိန်ပေါ်မူတည်ပြီး အနေအထားပြောင်းလဲနိုင်တာကို ဆိုလိုတာပါ။ TFT LCD တွေနဲ့ယှဉ်ရင် Viewing Angle ပိုမိုကောင်းမွန်တာတွေ စွမ်းအင်သုံးစွဲမှု ပိုမိုသက်သာတာတွေ၊ နေရောင်အောက်မှာ မြင်နိုင်မှု ပိုမိုကောင်းမွန်တာတွေဟာ IPS LCD ကို Smartphone တွေမှာ အသုံးများစေတဲ့ သူ့ရဲ့အားသာချက်တွေပါ။ Apple ရဲ့ iPhone 8 ထိ သုံးခဲ့တဲ့ Retina Display, HTC ရဲ့ Super LCD စတာတွေဟာ IPS LCD တွေချည်းပါပဲ။

Apple ရဲ့ Retina Display ဟာ လူတွေရဲ့ 10″ အကွာအဝေးကနေ Display ပေါ်မှာအများဆုံးမြင်တွေ့နိုင်မယ့် Pixel Density (PPI)ပေါ် အခြေခံထားပြီး HTC ရဲ့ SuperLCD ဆိုတာကလည်း Display တည်ဆောက်မှုမှာ ပစ္စည်းတွေကြားအကွာအဝေးကို နည်းနိုင်သမျှ နည်းအောင်ချုံ့ပြီးတည်ဆောက်ထားတဲ့နည်းပညာကိုခေါ်ဝေါ်ခြင်းပါ။ Display ကို အထောက်အပံ့ပေးတဲ့ပစ္စည်းတွေရယ်၊ နည်းပညာပိုင်းဆိုင်ရာ ကွဲပြားမှု အနည်းငယ်ရယ်သာ ကွာခြားမှုရှိတာပါ။ ဘာနာမည်ကြီးပဲ တပ်ထားပါစေဒါတွေအားလုံးဟာ LCD Display တွေပဲဆိုတာ သိစေချင်ပါတယ်။

OLED Display

OLED ဆိုတာ တာ Organic Light Emitting Diode ရဲ့ အတိုကောက်ပါ။ သူ့ရဲ့တည်ဆောက်ပုံအကြမ်းဖျဉ်းကိုပြောရမယ်ဆိုရင် Carbon အခြေခံထားတဲ့ Organic Material အလွှာကို ဓာတ်ကူးစေမယ့် Cathode နဲ့ Anode အလွှာနှစ်ခုကြားညှပ်ထားပြီး အဲဒါကိုမှ အပေါ်၊ အောက် မှန်နှစ်ထပ်နဲ့ အပြင်က ထပ်ပြီးဝန်းရံထားပါတယ်။ Electric Signal ပေးလိုက်တဲ့အချိန်မှာ အလွှာနှစ်ခုကြားက Organic Material Layer ကနေ အလင်းကိုတိုက်ရိုက်ထုတ်လွှတ်ပေးပါတယ်။ Electric Signal ပေါ်မူတည်ပြီး Brightness နဲ့ Color ကလည်း ကွာခြားမှုရှိပါလိမ့်မယ်။ OLED မှာလည်း LCD လိုပဲ Active Matrix နဲ့ Passive Matrix ဆိုပြီး နှစ်မျိုးခွဲခြားထားပါသေးတယ်။

PMOLED Display

အစောပိုင်းနှစ်တွေမှာ PMOLED Display ကို Mp3 Player တွေ၊ Cellphone တွေ(Smartphone မဟုတ်) စတာတွေမှာ သုံးခဲ့ကြပါတယ်။ ဒါပေမယ့် Screen Size ၄လက်မ နဲ့အထက်အများဆုံးသုံးကြတဲ့ Smartphone တွေအတွက်တော့ PMOLED ဟာ Solution တစ်ခုဖြစ်မလာခဲ့ပါဘူး။ PMOLED တွေမှာ Horizon နဲ့ Vertical Transistor တွေကို Row အလိုက်သုံးထားတာမို့ LED တစ်လုံးချင်းဟာ လျှပ်စစ်ကိုသိုလှောင်ထိန်းနိုင်စွမ်းမရှိပါဘူး။ ဒါ့အပြင် စွမ်းအင်သုံးစွဲမှုလည်းအလွန်မြင့်တဲ့အတွက် Display သက်တမ်းလည်း တိုတောင်းပြီး ၃လက်မနဲ့အထက် Display တွေအတွက်အဆင်မပြေပါဘူး။ Resolution Limitation ကလည်းရှိနေပါသေးတယ်။ Color များများသုံးလေ Battery ပိုကုန်လေပါပဲ။ သူ့မှာ AMOLED ထက်အားသာတာဆိုလို့ ထုတ်လုပ်မှုစရိတ်ပိုသက်သာတာတစ်ချက်လောက်ပဲရှိပါလိမ့်မယ်။

AMOLED Display

Smartphone Display Technology ပိုင်းမှာ အတိုးတက်ဆုံးကိုပြောပါဆိုရင် OLED ကိုပဲမလွဲမသွေညွှန်ပြရမှာပါ။ IPS LCD ကိုပဲ စွဲစွဲမြဲမြဲသုံးလာတဲ့ Apple တောင် AMOLED ကို ကူးပြောင်းလာတာကိုကြည့်ရင် Smartphone ဈေးကွက်မှာ AMOLED ရဲ့ Influence ဘယ်လောက်ထိကြီးလဲဆိုတာ သိနိုင်မှာပါ။ တကယ်တော့ Smartphone Knowledge နဲ့အလှမ်းဝေးသေးတဲ့ 2010 လိုအချိန်မျိုးမှာ Nokia N8 လိုဖုန်းမျိုးမှာ AMOLED Display ကို စသုံးနေပါပြီ။ OLED ဆိုတဲ့အတိုင်း LED ပေါင်းများစွာစီရီထားတဲ့ Organic Layer ကို Active Matrix ဆိုတဲ့အတိုင်း TFT Layer က Pixel တစ်ခုစီတိုင်းကို Control လုပ်ဖို့ရယ်၊ ပုံရိပ်တစ်ခုနဲ့တစ်ခုကြား Refresh လုပ်တဲ့အချိန်မှာ Charge ကို သိုလှောင်ထားနိုင်ဖို့ရယ် စတဲ့လုပ်ဆောင်ချက်တွေဆောင်ရွက်ပေးပါတယ်။

AMOLED Display တွေမှာ Super AMOLED, POLED စသည်ဖြင့် နာမည်ကွဲတွေကြားဖူးကြလောက်မှာပါ။ တကယ်တော့ ဒါဟာ Marketing terms တစ်ခုသာဖြစ်ပြီး တခြား AMOLED တွေထက် အရမ်းကြီး ထူးခြားသွားတာမျိုးမဟုတ်ပါဘူး။ Samsung ရဲ့ Super AMOLED ဆိုရင် သူ့ရဲ့ Touch Layer ကို အပေါ်မှန်နဲ့ တစ်ခါတည်းတွဲဆက်ပေးလိုက်ပါတယ်။ အဲဒီအတွက် သူ့ရဲ့ AMOLED ဟာ ပိုမိုပါးလွှာသွားပြီး Organic Layer ကလည်း Display နဲ့အတော်နီးကပ်သွားတဲ့အတွက် အလင်းရောင်ကိုပိုပြီးကောင်းကောင်း ရနိုင်သွားတယ်။ ဒီလောက်ပါပဲ။ LG ရဲ့ POLED ဆိုရင်လည်း Glass နေရာမှာ Plastic Substrate ကိုသုံးတဲ့အတွက် ကုန်ကျစရိတ်ပိုသက်သာပြီး Display အရလည်း Flexible ပိုဖြစ်သွားပါတယ်၊ ပိုလည်းပါးလွှာသွားမယ်။ ဒါပေမယ့် Contrast Ratio အရတော့ S.AMOLED ထက်ပိုနည်းသွားပါလိမ့်မယ်။

LCD vs AMOLED

ပထမဆုံးအနေနဲ့ Size ကနေ စပြောပါ့မယ်။ LCD ရဲ့ Color Filter တွေဟာ AMOLED လိုမျိုး အလင်းတိုက်ရိုက်မထုတ်နိုင်ပါဘူး။ အဲဒီအတွက် နောက်ကနေအလင်းထိုးပေးနိုင်မယ့် LED Backlight လိုပါတယ်။ LCD Display တွေရဲ့ ပုံရိပ်ထုတ်လုပ်မှုဟာ AMOLED ထက် အဆင့်ရော ပါဝင်ပစ္စည်းပါ ပိုများတဲ့အတွက် နေရာအားဖြင့်လည်း နှစ်ဆလောက်ပိုယူပါတယ်။ ဥပမာ AMOLED Display အတွက် 1mm space ပဲလိုမယ်ဆိုရင် LCD အတွက် 2mm လောက် နေရာယူသွားပါတယ်။ Smartphone တစ်လုံးတည်ဆောက်ရာမှာ 1mm ကွာခြားမှုကလည်းအများကြီးစကားပြောပါတယ်။ အလေးချိန်အားဖြင့်လည်း AMOLED က ပိုပေါ့ပါတယ်။

ဒါပေမယ့် Display နဲ့ Touch Layer တွဲလျက်မို့ မတော်တဆများ Display ထိခိုက်ခဲ့ရင် တစ်ခုလုံးလဲရနိုင်ခြေရှိပါတယ်။ နောက်တစ်ချက်က Display Color ပါ။ LCD မှာ Red, Green, Blue Color တွေကို အတန်းလိုက်စီပြီး AMOLED တွေမှာတော့ Pentile Arrangement လို့ခေါ်တဲ့ စွန်ပုံစံ စီရီထားပါတယ်။ အဲဒီအတွက် Arrangement ပိုစိပ်တဲ့ AMOLED ဟာ ပိုလင်းပြီး၊ ပိုစိုတဲ့ အရောင်တွေကို ထုတ်ပေးနိုင်ပါတယ်။ပီးတော့ AMOLED ရဲ့ Organic Layer က LED တစ်လုံးချင်းစီဟာ မလိုအပ်တဲ့အချိန်မှာ လုံးဝပိတ်ထားနိုင်တဲ့အတွက် LCD မှာလို မီးထိုးထားတဲ့အနက်ရောင်ဖျော့ဖျော့ကြီးဖြစ်မနေပဲ စစ်မှန်တဲ့အနက်ရောင်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝနဲ့အနီးစပ်ဆုံးဖြစ်တဲ့အရောင်တွေကိုတော့ LCD တွေက ပိုမိုပေးစွမ်းနိုင်ပါတယ်။ ဒါဟာ ယေဘုယျအားဖြင့် သတ်မှတ်ချက်ပါ။

Display ရဲ့ Color မှန်ကန်မှုဟာ နောက်က Support လုပ်ပေးတဲ့ Chipset, Technology တွေနဲ့လည်း အများကြီးသက်ဆိုင်သေးတာဆိုတော့ တရားသေတပ်အပ်တော့ပြောလို့မရနိုင်ပါဘူး။ Battery ပိုင်းမှာတော့ သူ့အားသာချက်နဲ့သူရှိနေပါတယ်။ AMOLED Display မှာ LED တိုင်းကို စိတ်ကြိုက်ပိတ်နိုင်၊ ဖွင့်နိုင်တဲ့အတွက် အနက်ရောင်များတဲ့ Background တွေ Run တဲ့အခါ LCD ထက် စွမ်းအင်သုံးစွဲမှုနည်းပါးပါတယ်။ ဒါပေမယ့် အဖြူ ရောင်များများ၊ ဒါမှမဟုတ် Color စိုစိုနဲ့ Background တွေ Run တာများရင်တော့ AMOLED မှာ LCD ထက် အားကုန်ပိုမြန်နိုင်ပါတယ်။ ပြီးတော့ AMOLED ရဲ့အားနည်းချက်တွေဖြစ်တဲ့ Display burn-in တို့၊ Ghosting လို့ခေါ်တဲ့ အရိပ်တွေကျန်နေတတ်တာတို့၊ Color Shifting စတာတွေတော့ တစ်ခါတစ်ရံဖြစ်တတ်ပါတယ်။

နောက်တစ်ချက်ကတော့ ဈေးနှုန်းပါ။ အရင်ကတော့ LCD တွေဟာ AMOLED တွေထက် ထုတ်လုပ်မှု ကုန်ကျစရိတ်ပိုနည်းတယ်ဆိုပေမယ့် Market Demand များလာတာနဲ့အမျှ AMOLED ရဲ့ ထုတ်လုပ်မှုစရိတ်ကလည်း တဖြည်းဖြည်းလျော့ကျလာခဲ့ပါပြီ။ ဒါပေမယ့် Customer ဘက်က ကြည့်ပြန်ရင်လည်း Display တစ်ခုခုထိခိုက်ခဲ့ရင် LCD ရဲ့လဲလှယ်မှု ကုန်ကျစရိတ်က AMOLED တွေထက် အများကြီးသက်သာနေပြန်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ Display များထိခိုက်ခဲ့ရင် AMOLED က Touch ရော Display ပါတွဲရက် လဲရမှာမို့ပါ။ A series တို့ J series တို့ကိုင်သူတွေအတွက် Display စရိတ်က မလွယ်လှပါဘူး။ Display သက်တမ်းအနေနဲ့ကတော့ LCD Display တွေက AMOLED တွေထက် သက်တမ်းပိုပြီးကြာရှည်ခံတတ်ပါတယ်။ AMOLED တွေမှာတော့ အချိန်ကြာလာတာနဲ့အမျှ Color တွေကျလာတာ၊ Color မမှန်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေကတော့ LCD နဲ့ AMOLED ကြားမှာ အဓိကနှိုင်းယှဉ်ရမယ့် အားသာချက် အားနည်းချက်တွေပါ။

ဆိုတော့ကာ ခေတ်အကြိုက်၊ Customer အကြိုက်ကြောင့် AMOLED တွေရဲ့ဝယ်လိုအားမြင့်လာတာမှန်ပေမယ့် LCD တွေကိုလုံးဝ မေ့လျော့ ပစ်ပယ်ထားလို့မရတာတော့အမှန်ပါပဲ။ အသေးအမွှားကိစ္စလေးတွေအနေနဲ့ပြောရမယ်ဆိုရင် Force Touch လို နည်းပညာကိုထည့်သွင်းအသုံးပြုနိုင်တာ၊ 120 Hz ကို ကောင်းကောင်းမွန်မွန် Run နိုင်တာ စတဲ့အားသာချက်မျိုးတွေ LCD မှာရှိနေပါတယ်။ AMOLED ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်း Refresh Rate ကောင်းတဲ့အတွက် VR နဲ့တွဲသုံးဖို့ပိုအဆင်ပြေတာ၊ အနာဂတ်ရဲ့ နည်းပညာတွေဖြစ်လာမယ့် Fingerprint တို့ Camera တို့ကို Display အောက်မှာထည့်သွင်းနိုင်မှု စတာတွေမှာ အားသာနေပြန်ပါတယ်။ အဲဒီတော့ မနေ့နဲ့ဒီနေ့ မတူညီတဲ့နည်းပညာသစ်တွေနဲ့ ရှေ့ဆက်နေတဲ့ခေတ်ကြီးမှာ Display တွေကြားက အားပြိုင်မှုဟာ ဘယ်လောက်ထိခရီးရောက်ဦးမလဲ၊ ဘယ်လိုနည်းပညာသစ်တွေထပ်တွေ့ရဦးမလဲဆိုတာတော့ စောင့်ကြည့်ကြရမှာအမှန်ပါပဲ။ ။

အဓိက ဆိုချင်တာက Retina, Super LCD, Super AMOLED တို့ဆိုတာ Marketing အခေါ်အဝေါ်ပဲဖြစ်တယ်၊ Technology အခေါ်အဝေါ်မဟုတ်ပါဘူး နည်းပညာ အသစ်လိုလို ဘာလိုလိုနဲ့ ပြောရောင်းနေရင် စာဖတ်သူအနေနဲ့ ဂျင်းလို့သတ်မှတ်ပါ ဟဲဟဲ…