fbpx

This is digital planet.

ReviewsTech NewsXiaomi

Mi Airdots Pro Review

နားကြပ်တစ်ခုကနေ နောက်တစ်ခုပြောင်းသုံးချိန်မှာ ကြုံရတဲ့ ဒုက္ခတစ်ခု လူတိုင်းလိုလိုမှာ ရှိလိမ့်မယ်ထင်ပါတယ်။ အဲဒါက နားကြပ်အသစ်ကို နားနဲ့အသားကျဖို့ အချိန်တစ်ခုယူရတာပါ။ ဥပမာပြရရင် Bass အသားပေးနားကြပ်တစ်ခုကို နားထောင်နေကျလူတစ်ယောက်ဟာ Instrumental အသားပေးနားကြပ်ကို စစချင်းနားထောင်ချိန်မှာ ပေါ့နေသလို၊ တစ်ခုခုလိုနေသလို ခံစားရတာမျိုးပေါ့။ ဒါက ကိုယ်တွေ့ဥပမာပါ။ ဆိုတော့ စပြီး နားထောင်ခါစ First Impression နဲ့ နားကြပ်တစ်ခုရဲ့ Quality ကောင်း၊ မကောင်းကို တရားသေမဆုံးဖြတ်မိဖို့ ဦးဆုံး အကြံပေးချင်ပါတယ်။

Airdots Pro ကို စစမ်းခါစကဆို သူအပါအဝင် နားကြပ် ၃ခုကို ပြိုင်တူစမ်းနေတဲ့ကာလဆိုတော့ အစပိုင်း Sound Quality ကို Judge လုပ်တဲ့နေရာမှာ အတော်လေးအကြပ်ရိုက် ချွေးပျံခဲ့ရတယ်။ (True Wireless Bluetooth Earphone တစ်ခုက Sound Quaity အပေါ် သိပ်မမျှော်လင့်မိခဲ့တာလည်း ပါမှာပေါ့လေ။) ဒါပေမယ့် တစ်ပတ်တာနီးပါး ကာလတစ်ခုကိုရောက်လာ၊ နားကလည်း ကျင့်သားရလာချိန်မှာတော့ Airdots Pro ရဲ့ Sound Quality ပိုင်းနဲ့ပတ်သက်ပြီး စိတ်ကျေနပ်လောက်တဲ့ ကောက်ချက်အဖြေတစ်ခုကို သတ်မှတ်နိုင်ခဲ့တယ်။ သို့ပေမယ့် ဒီ TWS Bluetooth နားကြပ်တစ်ခုကို Judge လုပ်တဲ့အခါမှာ Sound Quailty တစ်ခုထဲနဲ့တင် တန်တယ်၊ မတန်ဘူးပြောဖို့ဆိုတာ မလုံလောက်ပါဘူး။ ဆိုတော့ Mi Airdots Pro ရဲ့ Review ဟာ ခုချိန်မှာ ၉သောင်း၂ထောင် ဆိုတဲ့ ဈေးတစ်ခုကိုရောက်လာတဲ့ ဒီနားကြပ်လေးရဲ့ Overall Experience Review ဆိုရင် ပိုမှန်ပါလိမ့်မယ်။

Unboxing & Design (First Impression)

သူ့ရဲ့ အပြင်ဘက်ထုပ်ပိုးမှုပုံစံကတော့ အထူးအဆန်းသိပ်မရှိဘူး။ စက္ကူဗူးလေးထဲမှာ နားကြပ်နဲ့ နားကြပ်ဗူး သပ်သပ်စီ ခွဲပါလာမယ်။ ဒါ့အပြင် အားသွင်းဖို့ ကြိုးအတိုရယ်၊ Rubber Buds အပို ၃ စုံရယ်၊ စာရွက်တစ်ချို့ရယ်ကို တွေ့ရပါလိမ့်မယ်။

Mi Airdots Pro ဟာ Apple ရဲ့ Airpods ကို General Design Language အရ အတုယူထားတဲ့ Gadget တစ်ခုပါ။ ဒါပေမယ့် သူ့ရဲ့နားကြပ်ဗူးလေးကို စမြင်လိုက်ချိန်မှာပဲ သိသာတဲ့ Design ပိုင်းကွဲပြားမှုကို ခံစားရတယ်။ ဗူးရဲ့ အပေါ်ဘက်က Airpod လို အခုံးမဟုတ်ပဲ Flat Design လုပ်ပေးထားတယ်။ သဘောကျစရာတစ်ချက်က သူ့ရဲ့ ဗူးအောက်ခြေမှာပါတဲ့ အားသွင်းပေါက်က Type C ပါ။ ဆိုတော့ ခရီးသွားဘာညာဆိုရင် အားသွင်းဖို့ ကြိုးအပိုဆောင်စရာမလိုတော့ဘူးပေါ့။ Material အနေနဲ့ Plastic ကို ကောင်းကောင်း Polish လုပ်ထားပုံပဲ။ သူ့ရဲ့ Body Texture က ကိုင်ရတာညက်ပြီး Curvature လေးတွေကလည်း အတော် Smooth ဖြစ်တယ်။ ဒါပေမယ့် သေချာပြူးပြဲကြည့်ရင်တော့ သူ့ထောင့်ချိုးနေရာလေးတွေမှာ ဆက်ကြောင်းမျဉ်းလေးတွေကို တွေ့ရမှာပါ။

သူ့ရဲ့ ဗူးအဖုံးဖွင့်မယ့်နေရာမှာ အချိုင့်လေးလုပ်ပေးထားတယ်။ အဖုံးက လက်တစ်ဖက်တည်းနဲ့ ဖွင့်ရလွယ်ပြီး သံလိုက်ထည့်ထားတာဆိုတော့ အဖွင့်အပိတ်လုပ်ရင် ကြားရတဲ့အသံနဲ့ ခံစားရတဲ့ Feeling လေးက အတော်မိုက်တယ်။ တစ်ခါတစ်လေ ပျင်းလာရင် အလကားနေရင်း ဗူးကို ဖွင့်လိုက်၊ ပိတ်လိုက် ထိုင်ကစားနေမိတဲ့အထိပါပဲ။ နားကြပ်ဗူးရဲ့ ရှေ့မျက်နှာစာမှာ LED Noti Light အဖြူလေးပါပြီး ညာဘက်ဘေးဘောင်မှာတော့ Reset ချဖို့ Physical Button လေးတစ်ခု ပါပါတယ်။ Weight အားဖြင့်ပြောရရင်တော့ အတော်ပေါ့တယ်ဆိုနိုင်ပေမယ့် AirPods ဗူးနဲ့ယှဉ်ရင်တော့ Size အားဖြင့် ပိုပြီးထူတယ်။

ဗူးတစ်ခုထဲတင်မဟုတ်ပါဘူး။ AirDots Pro ရဲ့ နားကြပ်လေးတွေကလည်း AirPods ထက် ပိုပြီး Bulky ပိုဖြစ်တယ်။ အထူးသဖြင့် အောက်ဘက် Stem လေးတွေက ပိုကြီးတယ်။ ပြီးတော့ ဒုံးတိဆန်တဲ့ သူ့ရဲ့ထိပ်ဖျားတွေက AirPods နဲ့ယှဉ်ကြည့်ရင် Cheap ဖြစ်တယ်လို့ Personally ခံစားမိတယ်။ ဒုတိယတစ်ချက်အနေနဲ့ သဘောမကျတာက မသေသပ်ဘူးလို့ခံစားရတဲ့ သူ့ရဲ့ Body ဆက်ကြောင်းပါ။ နားမှာတပ်လိုက်ရင်တော့ ဒီဆက်ကြောင်းတွေက မြင်သာတဲ့နေရာတွေမဟုတ်ပေမယ့် Design ပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ် Sensitive ဖြစ်တတ်သူတွေအတွက်ကတော့ အဲဒီဆက်ကြောင်းတွေဆီ အာရုံရောက်သွားရင် စိတ်မသက်မသာဖြစ်ရပါတယ်။

ဒါပေမယ့် Design Language ပိုင်းမှာတော့ ကိုယ်ပိုင်ဟန်တစ်ခုကို AirDots Pro မှာ မြင်တွေ့ရပါတယ်။ အထူးသဖြင့် Aluminium Ring လေးနဲ့ ဝိုက်ထားတဲ့ Touch Sensitive နေရာလေးမှာ Circular Shape လေးတွေပုံဖော်ထားတာဟာ အတော်သေသပ်ပြီး Minimalistic ဖြစ်တယ်လို့ခံစားရတယ်။ (ဗူးကအစ နားကြပ်အဆုံး ဖြူစွတ်နေတဲ့ AirDots Pro ကို အနက်ရောင်လေးထုတ်ပေးမယ်ဆိုရင် ပိုပြီးသဘောကျမိမှာပါ။) ဆိုတော့ Built Quaity အနေနဲ့ အပြစ်ပြောစရာမတွေ့ပေမယ့် Design ပိုင်းမှာ သပ်ရပ်မှုတစ်ချို့ လိုအပ်နေသေးတယ်လို့ ယူဆမိတယ်။

Wearing Experience

In-ear နားကြပ်တွေကို Personally Prefer ရတဲ့အချက်ထဲမှာ နားမှာတပ်ထားရင် ပိုမြဲတယ်ဆိုတဲ့ ခံစားချက်ရယ်၊ နားမနာတာရယ်၊ အသံပိုလုံတာရယ် စတဲ့အချက်တွေပါတယ်။ ဒီတော့ In-ear Type ဖြစ်နေတာကိုက AirDots Pro ကို သဘောကျမိတဲ့အချက်တစ်ခုဖြစ်နေပါတယ်။ နားမှာတပ်ကြည့်တဲ့အခါမှာလည်း တကယ် Comfort ဖြစ်တဲ့ Feeling ကို ရတယ်။ တစ်ခါတစ်လေ တပ်ထားတာကိုတောင် သတိမရတဲ့အထိ Ease ဖြစ်ပြီး ပေါ့ပါးလို့ ပြုတ်ကျကျန်ခဲ့ရင် ဒုက္ခဆိုပြီး ခေါင်းကို အသားကုန်ခါကြည့်တော့လည်း ခေါင်းသာမူးတယ်၊ သကောင့်သားက နေရာမပျက် မိန့်မိန့်ကြီးရှိနေတုန်း။ ဆိုတော့ အကောင်းဆုံး Experience ရဖို့ နားကြပ်တပ်တဲ့အခါ Stem ကို ရှေ့ဘက်ခပ်ရောက်ရောက်လေး ထားတပ်ဖို့ Recommend ပေးပါတယ်။

သူ့မှာက Sensor ပါတယ်ဆိုတော့ ဘူးကထုတ်၊ နားမှာတပ်လိုက်တာနဲ့ Connect ဖြစ်တဲ့အသံကြားရသလို နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်တာနဲ့ သီချင်းကို Auto Pause လုပ်ပေးတယ်။ ပြီးတော့ သူ့မှာ IPX 4 Certified ပါလို့ တော်ရုံရေစို၊ ချွေးစိုတဲ့ဒဏ်ကို ခံနိုင်ရည်ရှိနေပြန်ပါတယ်။ ဒီလို အချက်တွေကလည်း Redmi Airdots နဲ့ ယှဉ်ရင် Wearing Experience မှာ AirDots Pro ကို ပိုပြီးအသာရစေ၊ Smart ဖြစ်စေ၊ Premium ပိုဆန်စေတဲ့အချက်တွေလို့ ဆိုရမှာပါ။

Connectivity & Touch Control

AirDots Pro မှာ Bluetooth 4.2 ကိုပဲ Support ပေးတယ်။ ဒီအချက်ကတော့ Bluetooth 5.0 Support ပေးတဲ့ Redmi AirDots နဲ့ယှဉ်ရင် မျက်နှာငယ်စရာပါ။ နားကြပ်ဗူးအဖုံးကို စဖွင့်ပြီဆိုရင် ဗူးရော နားကြပ်မှာပါ မီးလေးတွေ စလင်းပါတယ်။ ပြီးရင် ညာဘက်နားကြပ်လေးကို ယူတပ်ပြီဆိုတာနဲ့ Bluetooth က Auto စချိတ်တယ်။ Apple မှာလို ဖုန်းအနားမှာ နားကြပ်ဗူးလေးဖွင့်တာနဲ့ Auto Connect ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် နားမှာတပ်လိုက်တာနဲ့ Alert Tone လေးမြည်သွားရင် အလုပ်စလုပ်ပါပြီ။ Connecting Time ကလည်း အတော်လေးမြန်တယ်။ Range အားဖြင့်စမ်းကြည့်သလောက်တော့ အိမ်ရှေ့၊ အိမ်နောက် အချိုးအကွေ့တွေများရင် တစ်ချက်တစ်ချက် အသံပြတ်သွားတတ်ပေမယ့် ပေ ၅၀ ဝန်းကျင်မှာတော့ ကောင်းကောင်းအလုပ်လုပ်တယ်။

နားကြပ်နှစ်ခုစလုံးရဲ့ ကျောဘက်မှာ Capacitive Area လေးတွေပါတယ်။ နှစ်ဖက်စလုံးတပ်ထားချိန်မှာတော့ ညာဘက်ကို နှစ်ချက်ထိလိုက်ရင် သီချင်း Pause, Play လုပ်ပြီး ဘက်ဘက်က Assistance Trigger အနေနဲ့ အလုပ်လုပ်တယ်။ ဘယ်၊ ညာ ကြိုက်တဲ့ဘက်ကို 3 sec လောက် ကြာကြာထိထားရင်တော့ Noise Cancelling အဖွင့်အပိတ် လုပ်လို့ရတယ်။ ဖုန်းလာရင် တစ်ချက်ထိရင် ဖုန်းကိုင်၊ နှစ်ချက်ထိရင် ဖုန်းချလုပ်နိုင်တယ်။ ဒါပေမယ့် သီချင်းနားထောင်ရင်း ရှေ့၊ နောက်ကျော်တာကိုပါ Support ပေးခဲ့ရင် ပိုအဆင်ပြေမယ်လို့ ခံစားရတယ်။ ပြီးတော့ Noise Cancelling အဖွင့်၊ အပိတ်၊ Battery ကုန်ခါနီးရင် သတိပေးတာတွေက တရုတ်လိုမဟုတ်ရင် ပိုပြီးအဆင်ပြေလောက်မှာပါ။ တကယ်လို့ဖုန်းပြောချင်ရုံသက်သက်ဆိုရင်လည်း ကြိုက်တဲ့တစ်ဖက်ကို ထုတ်တပ်ပြီး သုံးနိုင်ပါတယ်။

Sound Quality

အားလုံးမျှော်လင့်နေတဲ့အပိုင်း ရောက်လာပြီထင်ရဲ့။ အားမရတဲ့အချက်လေးတွေနဲ့ စတာပေါ့။ ပထမဆုံးအချက်အနေနဲ့ Volume ပိုင်း တိုးတယ်။ Outdoor မှာဆိုရင် 70% လောက် တင်နားထောင်မှ အဆင်ပြေတယ်။ ဒုတိယတစ်ချက်က သူ့ရဲ့ Sound Color ပါ။ Clarity ပိုင်းကို အရမ်းအသားပေးသူတစ်ယောက်အတွက်ဆိုရင် သူ့အသံပိုင်းက ခပ်အုပ်အုပ်နဲ့ Warm ဖြစ်နေတာကြောင့် နားထောင်ခါစမှ အားမရတာမျိုး ကြုံရနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်က Game ဆော့ရင်းသုံးဖို့ အဆင်မပြေတာပါ။ Bluetoot 4.2 ကြောင့်ပဲလားတော့မသိ။ Game ဆော့တဲ့အခါမှာ သူ့ရဲ့ Latency က 1sec လောက်ထိရှိတယ်လို့ ခံစားရတယ်။ Redmi Airdots နဲ့ယှဉ်ရင်ကို Gaming ပိုင်းမှာ သူ့အသံထွက်က ပိုပြီးနှေးနေတယ်။ ဒီတော့ ဂိမ်းဆော့တဲ့အခါ တွဲသုံးဖို့ရည်ရွယ်ရင်(အထူးသဖြင့် PUBG အဆော့များတဲ့သူတွေတွက်)တော့ AirDots Pro ကို မေ့လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။

ဒါပေမယ့် အပေါ်ကအားနည်းချက်တွေကို လက်ခံနိုင်လောက်တဲ့အားသာချက်တွေ AirDots Pro မှာ ခိုင်ခိုင်မာမာရှိနေပါတယ်။ ပထမဆုံးအံ့သြမိတာ သူ့ Sound Quality ပိုင်းဟာ ထင်ထားတာထက် အများကြီးကောင်းမွန်နေတာပါ။ ဘယ်လောက်ထိလဲဆိုရင် Mi in-ear Pro HD ကို Equalizer off ထားတဲ့ Quality ထက်ကို နှာတစ်ဖျားပိုသာတယ်လို့ ခံစားမိတဲ့အထိပါပဲ။ Bass တွေမှာ Compact & Powerful ဆိုတဲ့ Feeling အပြင် Bass အမျိုးအစားအလိုက် Real-life နဲ့နီးစပ်တဲ့ Vibration Sense ကို ခံစားရတယ်။ Mids & Vocal ပိုင်းကလည်း Lively ဖြစ်ပြီး Treble ပိုင်းကလည်း အားရစရာပါ။ Sound Stage ပိုင်းမှာလည်း Redmi AirDots မှာမရတဲ့ Harmonic Feeling မျိုးအပြည့်အဝရတယ်။ အထူးသဖြင့် Left, Right Separation တွေမှာ In-ear Pro HD နဲ့ Level တန်းယှဉ်နိုင်တာကို ချီးကျူးမိတယ်။ Call Quality အပိုင်းကတော့ သာမန်ထက်မပို။

Noise Cancelling Mic နဲ့ အလုပ်လုပ်တဲ့ သူ့ရဲ့ Noise Cancellation က အလယ်အလတ်အနေအထားလို့ ဆိုရမှာပါ။ တော်ရုံအသံကို ဝင်မလာအောင်တားထားပေးပေမယ့် Level တစ်ခုထက် ပိုကျယ်တဲ့ အနီးကပ် စကားပြောသံ၊ လူ့ခန္ဓာကိုယ်ကိုပါ Vibrate ဖြစ်စေမယ့် Bus ကား Engine သံမျိုးတွေကိုတော့ အတိုင်းအတာတစ်ခုထိ ကြားရပါလိမ့်မယ်။ ဒါပေမယ့် နားကြပ်စမ်းရင်း Laptop နဲ့ ဇာတ်ကားဖွင့်ကြည့်တော့ ဇာတ်လမ်းက အသံမကြားရပါလားဆိုပြီးနားကြပ်ဖြုတ်ကြည့်မှ ဇာတ်ကားသံကို ကြားရတဲ့တစ်ချက်တော့ Impress ဖြစ်မိသွားတယ်။ ဆိုတော့ကာ တစ်ချို့ Bluetooth နားကြပ်တွေလို AptX အစား AAC Format Support ပေးတာကို Sensitive မဖြစ်ရင်တော့ Sound Quality ပိုင်းအတွက် Mi AirDots Pro ကို Big Thumbs up လို့ ပြောပါရစေ။

Battery life & Charging

Airdots Pro ရဲ့ နားကြပ်တစ်ဖက်စီမှာ 40 mAh Battery ကိုယ်စီပါပြီး ဆက်တိုက်နားထောင်မယ်ဆိုရင် ၃နာရီဝန်းကျင် ခံပါလိမ့်မယ်။ ဒါပေမယ့် ခဏနားထောင်၊ ဗူးထဲပြန်ထည့်သုံးရင်တော့ သူ့ရဲ့ Battery Life က ၉နာရီဝန်းကျင်လောက် အသာလေးခံမှာပါ။ (ကိုယ်တွေစမ်းတုန်းကတော့ ဆိုင်ကယူလာတဲ့အတိုင်း သီချင်းနားထောင်၊ ဖုန်းပြော၊ ရုပ်ရှင်ကြည့် ပုံမှန်လေးလုပ်တာ ၄ရက်လောက်သုံးမှ အားအကုန် ကုန်သွားတဲ့အထိ အသုံးခံတာကို သတိထားမိတယ်။) ပြီးတော့ သူ့ရဲ့ Type C Charging က အတော်မြန်တယ်ဆိုရမှာပါ။ 100 mAh ဗူးအပါအဝင် နားကြပ်နှစ်ဖက်လုံးအားပြည့်ဖို့ ၁နာရီဝန်းကျင်ပဲကြာတယ်ဆိုတော့ Bluetooth နားကြပ်တစ်ခုအနေနဲ့ အတော့်ကို အဆင်ပြေတယ်လို့ဆိုချင်မိ) အားမရတာဆိုလို့ ios မှာလို နားကြပ်ဗူးက Remaining Battery ကို ကြည့်လို့မရတာလေးတစ်ချက်ပဲရှိတယ်။ (နားကြပ်ရဲ့ Remaining Battery ကိုတော့ Bluetooth Setting မှာ ပြပေးတာ တွေ့ရတယ်။)

ဒီတော့အနှစ်ချုပ်တာပေါ့။ Mi AirDots Pro ဟာ Apple ရဲ့ AirPods ကို ငါတို့လည်း $60 နဲ့ ဒီလိုလုပ်နိုင်တယ် ဆိုပြီး လုပ်ပြတာနဲ့ ပိုတူနေပါတယ်။ ဟုတ်ပါတယ်၊ AirDots Pro မှာ AirPods ကို မယှဉ်နိုင်တဲ့အချက်တွေ အများကြီးရယ်ပါ။ ဥပမာ Connectivity နဲ့ Smart ဖြစ်တာ၊ Design ပိုင်းသေသပ်မှု၊ Battery Life စသည်ဖြင့်ပေါ့။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် AirPods ရဲ့ ထက်ဝက်တောင်မရှိတဲ့ဈေး၊ Type C & Fast Charging, Noise Cancelling အထူးသဖြင့် Sound Quality အပိုင်းတွေဟာ AirPods နဲ့ယှဉ်လိုက်ရင် မျက်နှာမငယ်ရမယ့် AirDots Pro ရဲ့ ကောင်းကွက်တွေဖြစ်နေပါတယ်။ ဒီတော့ AirPods ကိုသဘောကျပေမယ့် သူ့ဈေးလောက်သုံးဖို့ အဆင်မပြေသူတွေအတွက် AirDots က Alternative Choice တစ်ခုဖြစ်လာနိုင်သလို ခုနေ ၁သိန်းမပြည့်တော့တဲ့ ဈေးတစ်ခုမှာ True Wireless Bluetooth နားကြပ်တစ်ခုကို Sound Quality ကောင်းကောင်းနဲ့ ခံစားချင်သူတွေအတွက်တော့ Mi AirDots Pro က သင့်တော်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ပိုကောင်း၊ ပို Smart ဖြစ်တဲ့ Next Gen AirDots Pro ထွက်လာဖို့ကိုလည်း မျှော်လင့်ရင်းနဲ့ပဲ Review ကို အဆုံးသတ်ပါရစေ။