fbpx

This is digital planet.

HuaweiReviews

Nova 4 Review (Mid-Range မှာ အကောင်းဆုံးဖုန်းတစ်လုံးလား)

ကျွန်တော်တို့ အလွယ်လေးစဉ်းစားကြည့်ရအောင် Nova 3 တုန်းက Huawei P20 Pro မှာသုံးခဲ့တဲ့ Chipset ကို သုံးပြီး $370 (မြန်မာငွေ ၅ သိန်း ၅ သောင်း)ဝန်းကျင်နဲ့ ရောင်းချခဲ့တာ အတိုင်းအတာတစ်ခုထိ အဲ့ဈေးကွက်မှာရှိခဲ့တယ် ဒီနှစ်တော့ ဒီ Nova 4 မှာက Nova 3 ယှဉ်ရင် Chipset က အတူတူပဲ RAM နဲ့ Camera သိသိသာသာပြောင်းလွဲသွားတာကလွဲလို့ ဈေးက $450(ဖုန်းသီးသန့်ဈေးပါ နာရီမပါပါဘူး၊ နာရီအပါဆို $600 ပါ) ထိခုန်တတ်သွားတယ်။ တစ်ကယ်ကော အဲ့လောက်တတ်သွားရလောက်အောင် တန်တဲ့ဖုန်းဖြစ်ခဲ့သလားဆိုတာ Review မှာ ဆက်ကြည့်ရအောင်…

Disclaimer: ဒီ Review မှာ ကျွန်တော်တို့တွေ ပုံမှန်လုပ်နေကျ အသေစိတ်တွေထက် ဒီဖုန်းမှာ အနည်းငယ်လျော့စမ်းသပ်ခဲ့တာတွေရှိပါတယ်။ အဲ့အပြင် ဖုန်းကြီးပဲ ရထားတာဖြစ်တဲ့အတွက် အားသွင်းနှုန်း၊ Sound Quality တွေ အပြည့်အ၀ စမ်းသပ်လို့မရခဲ့ဘူး။ Power User ထက် နေ့စဉ်အသုံးပြုနေတဲ့ပုံစံလောက်ပဲနဲ့ စမ်းသပ်ထားတာဖြစ်ပါတယ်။

Design and Construction

ရှေ့ဘက် Design က Full View ကိုမှ တွေ့မြင်နေကြ Notch မပါပဲ Hole နဲ့ Selfie Camera ကိုတွဲသုံးထားတယ်။ အောက်ဘက် Chin က Nova 3 ထက်ပိုသေးသွားတယ်။ ပြီးတော့ ရှေ့ဘက် မျက်နှာပြင်ထောင့်စွန်းလေးတွေကို ထူးထူးခြားခြား ၂ ထပ်လုပ်ထားတယ်။ တွေ့မြင်နေကြ ဖုန်းတွေလို ပြောင်ချောမဟုတ်ပဲ အရစ် ၂ ရစ်နဲ့ ပုံဖော်ထားတာပါ။ ဘယ်လိုမျိုးလဲဆိုရင် Aluminum Frame ကိုမှ အမဲရောင် ဘောင်တစ်ထပ်ကွပ်ထားတယ် အဲ့အပေါ်မှာမှ Display ကိုအုပ်ထားတဲ့ Glass တစ်ခုရှိတယ်ပေါ့။ ဘာလို့ အရစ် ၂ ထပ်ဖော်ထားလဲဆိုရင် အဓိကက Ear Piece Speaker ကြောင့်ပါ။ သူ့အတွက်နေရာပေးချင်တာမို့ Aluminum Frame နဲ့ Glass ကြားထဲမှာ Speaker ကို မြှုပ်ထားတာပါ။ ဖုန်းအပေါ်ထိပ်ဖက်မှာဆိုရင် Speaker သေးသေးကို အနုစိပ်ဖော်ထားတာလေးက သဘောကျစရာပါ။

ဒါက ကျွန်တော် အလွယ်ခံစားမိတဲ့အရာတွေပြောခဲ့တာပါ။ Nova 3 တုန်းက Notch က Camera လေးပဲပါတယ်ဆိုပေမဲ့ အခြားဖုန်း တော်တော်များများထက် ကြီးပါတယ် ဘာလို့လဲဆိုတော့ သူ့မှာ Infra Emitter ကိုပိုစိတ်ချရအောင်ထည့်ပေးထားလို့ပါ။ ညဘက်တွေမှာလဲ အလွယ်တကူဖွင့်လို့ရအောင် Infra Emitter Sensor တွေကို ၂၀၁၈ Face Unlock ပြောင်းသုံးတဲ့ ဖုန်းတော်တော်များများက တွဲသုံးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Software ပိုင်းတွေ Algorithm တွေ AI တွေတိုးတတ်လာတော့ Camera တစ်လုံးထဲနဲ့ လုံခြုံအောင် ဖွင့်လို့ရလာခဲ့ပါတယ်။ အဲ့လိုတိုးတတ်လာတဲ့အပိုင်းမှာ Face Unlock အတွက် ကင်မရာတစ်လုံးထဲနဲ့ အသုံးဝင်လာတော့ Notch အတွက် နေရာအများကြီးပေးစရာမလိုတော့ပါဘူး။ တစ်ဖြည်းဖြည်းနဲ့ Water Drop Notch တွေအဖြစ်ပြောင်းလာပါတယ်။

ဒီ Nova 4 မှာထူးခြားသွားတာက သူက Water Drop Notch မဟုတ်ပဲ Punch Display လို့နာမည်ပေးထားတဲ့ Punch Hole Camera ကို အသုံးပြုပေးထားတာပါ။ အလွယ်လေးပြောရရင် Display မှာအပေါက်လေးနဲ့ပေါ့။ မေးစရာတစ်ခုရှိလာပါတယ် WD Notch နဲ့ Hole က ဘယ်သူကနေရာပိုယူလဲ။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုဆိုပိုမှန်ပါလိမ့်မယ်။ WD Notch ပဲဖြစ်ဖြစ် Hole ပဲဖြစ်ဖြစ်နေရာယူနေဆဲပါ Hole လဲလုံးဝကြီးပျောက်သွားတာမျိုးမဟုတ်ပါဘူး။ Notch က အလယ်တည့်တည့်မှာ နေရာယူပြီး Hole ကတော့ ထောင့်မှာ သက်သက်နေရာပေးထားသလိုပါ။ Hole အပေါ် ကျွန်တော် Personal အမြင်အရ အရမ်း စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အထဲမှာမပါဘူး။

ကျောဘက်ခြမ်းမှာဆိုရင် P20 Pro နဲ့ဆင်တယ်။ P20 Pro လို သေးသေးသွယ်သွယ်မဟုတ်ပဲ အနည်းငယ် ကြီးပါတယ်။ ပြီးတော့ Fingerprint ကိုအလည်မှာထည့်ပေးထားတယ်။ Camera ဘေးမှာဆိုရင် AI Camera ဆိုတဲ့စာနဲ့ Aperture တို့ကိုတွဲဖော်ပြထားပါတယ်။ Design ပိုင်းအရ Huawei ဖုန်းတွေနဲ့ယှဉ်ရင် ထူးထူးခြားခြားပြောင်းလဲတဲ့ဖုန်းမဟုတ်ပါဘူး Full View ဖြစ်ဖို့အတွက် Camera မဖျောက်နိုင်သေးလို့ Hole နဲ့ Tweak လုပ်ထားရုံသက်သက်ပါ။ ဒါမဲ့ Notch မုန်းတဲ့ ကျွန်တော့အတွက်တော့ ဖြေသိမ့်လို့ရတဲ့ဖုန်းတစ်လုံးပါ။ နောက်တစ်ခုက Color ပါ။

Gradient တွေက စထွက်တုန်းကတော့ လှတယ်လို့ထင်ရပေမဲ့ မြင်ပါများလာတော့ မကြိုက်တဲ့အထိဖြစ်လာပါတယ် ဒါက Gradient တွေကို မုန်းလို့မဟုတ်ပါဘူး Color စပ်ထားတာမှာ Over Eye Catching ဖြစ်လွန်းနေတာပါ။ ဥပမာထားပြောရရင် မြန်မာပေါကားထဲက အရောင်တောက်တောက် Color နဲ့ Hollywood Movie ထဲက Color တွေ ကွာသလိုပါ။ ကျွန်တော် Review လုပ်တဲ့ အလုံးက Crush Blue ပါ Blue ဆိုတဲ့အတိုင်း ပြာချက်က လက်လန်တယ်။ P20 Pro အပြာလေးက ဆွဲဆောင်မှုရှိပြီး အရမ်းလည်းလှသလို ဒီ Nova 4 က နည်းနည်း မိတ္တူဆိုင်လက်ရာဆန်ပါတယ်။ ဒဲ့ပြောရရင် Crush Blue က အပေါစားဆန်တယ်လို့ပြောတာပါ။ ဒါ Personal အမြင်ပါ။ စာဖတ်သူ ကြိုက်သလိုကွဲလွဲလို့ရပါတယ်။ Crush Blue ကိုမကြိုက်သလောက် Black ကိုတော့ အတော်လေးကြွေပါတယ်။ အေးဆေးတည်ငြိမ်ချင်တာကိုကြိုက်တယ်ဆိုရင် Black ကို Recommend ပေးပါတယ်။

Hand on feelings မှာဆိုရင် ကိုင်ရတာ P20 Pro ထက်ကြီးတယ် ဒါမဲ့ One Handed မှာ လက်အရမ်းသေးသူတွေအတွက် အဆင်သိပ်မပြေဘူး။ Fingerprint နေရာတွေ Power Button တွေ အဆင်ပြေလွယ်ကူစေတဲ့နေရာမှာရှိတယ်။ ဖုန်းရဲ့အပေါ်ဘက်မှာဆိုရင် IR Blaster ရယ် 3.5mm Audio Port ရယ် Noise Cancellation Mic ရယ်ပါပါတယ်။ ဖုန်းရဲ့အောက်ဘက်မှာဆိုရင် USB C ရယ် Speaker ရယ်ပဲပါပါတယ်။ Design ပိုင်းမှာ အတော်လေ Comfortable ဖြစ်တယ် ဒါမဲ့ Overall အရ P20 Pro နဲ့ Mate 20 Pro ထက် တဆင့်နိမ့်ပါတယ်။ Nova 3 နဲ့ကိုင်ရတာ သိပ်ကွာခြားမှုမရှိပါ။ Design ပိုင်းတွေ ထုတ်လုပ်သေသပ်မှုတွေရမှာတော့ Premium ဆန်တယ်လို့ပြောလို့ရပါတယ်။ နောက်ထပ်ပြောလို့ရတာတစ်ခုက Nova 4 က Eye-Catching ဖြစ်အောင် ထုတ်ထားတဲ့ဖုန်းတစ်လုံးပါ။ ကျောဘက်ကိုကြည့်ရင် Twilight Color (Gradient) နဲ့ ရှေဘက်ကြည့်ရင် Full View ကိုမှ ကင်မရာအပေါက်လေးနဲ့ ဆွဲဆောင်မှုရှိအောင် ထုတ်ထားတဲ့ဖုန်းတစ်လုံးပါ။

Display & Hole

6.4 လက်မကျယ် Nova 3 ထက် 0.1 inch ပိုကျယ်ပါတယ်။ 1080 x 2310 resolution 398 ppi သုံးပေးထားတယ်။ နောက်တစ်ခုက IPS LCD ပါ အရင် Model နဲ့အတူတူပဲ။ Viewing Angle တွေ၊ Color & Brightness တွေအကုန်ကောင်းတယ်၊ Color မှန်တယ်။ အနက်ရောင်ကလည်း နက်သင့်သလောက်နက်တယ်။ နောက်တစ်ခုက Hole က စိတ်အနှောက်အယှက်ဖြစ်စေလားပေါ့… ဘယ်လိုနေရာမျိုးမှာ Hole ကအားသာချက်ရှိသလဲဆိုရင် အပေါ်အမဲဘောင် အောက်အမဲဘောင်ပါတယ်တဲ့ Video တွေမှာ Nova 4 Hole လေးက အမဲဘောက်ထဲမှာ ပျော်ကနေရတာဖြစ်တဲ့အတွက် ရုပ်ရှင်ကို Full View ကဲ့သို့ ခံစားရမှာပါ။

ဂိမ်းဆော့တဲ့အခါမှာကော အနှောက်အယှက်ဖြစ်စေလားဆိုရင် မဖြစ်ပါဘူးလို့ပဲပြောမှာပါ။ ကျွန်တော်တို့ ဖုန်းတွေက Full View ဖြစ်လာတဲ့အခါ Game မှာပါတဲ့ Virtual Control တွေက ဘောင်အနားထိကပ်လို့မရပါဘူး။ ကပ်လို့ရတဲ့ အထိ Game Interface ကို Design ဆွဲထားရင် လက်မလည်းအရမ်းကွေးထားရတဲ့အပြင် နိုပ်ရတာအားမရတာတွေ ရှိတတ်ပါတယ်။ PUBG လိုဂိမ်းမျိုးမှာ ဆော့တဲ့အခါ Game UI ကိုက Notch ပါတဲ့ဖုန်းတွေ Full View ဖုန်းတွေနဲ့ အဆင်ပြေအောင် ခလုပ်တွေကို အနည်းတော့ အစွန်းမရောက် လက်မနဲ့ အဆင်ပြေတဲ့နေမျိုးထိရွေ့ထားပေးပါတယ်။ ဆိုလိုတာက Notch တွေစပေါ်တုန်းက Map ကိုကွယ်နေတာတို့ကို Software Update နဲ့ Notch လွတ်အောင် ရွှေ့ပေးထားတာမျိုးပါ။

Screen အပြည့် Video တွေကြည့်တဲ့အခါ ဘယ်ဘက်ထောင့်မှာ အမဲစက်ကွယ်နေရသလိုတော့ ခံစားရမှာပါ။ ဒါမဲ့ သူရဲ့ Hole က Galaxy A8s ထက်သေးတဲ့အတွက် အရမ်းကြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အထဲမှာတော့ မပါပါဘူး။ နောက်တစ်ခုက S10 နဲ့ ယှဉ်ပြောရရင် S10 ရဲ့ Hole တွေက ညာဘက်အပေါ်ထောင်မှာပါတာပါ။ Nova 4 ကဘယ်ဘက် အပေါ်ထောင့်မှာ ထည့်ထားတာပါ။ ကျွန်တော်တို့ ဖုန်းတွေကို Portrait ကြည့်တဲ့အခါ Hole က ဘယ်ညာ ဖြစ်ဖြစ်ပြဿနာမရှိပေမဲ့ Landscape လုပ်တဲ့အခါ သတိထားမိတာတွေဖြစ်တတ်လာပါတယ်။ လူမျက်လုံးသဘောအရ Computer ပဲကြည့်ကြည့် ဖုန်းပဲကြည့်ကြည့် အပေါ်ဘက်ကို အရင်ဆုံး သတိထားကြည့်မိတာတွေရှိတတ်တယ် အောက်ဘက်ကိုသိပ်ဂရုမစိုက်ကြပါဘူး။

ရုပ်ရှင်ကြည့်တဲ့အခါမှာလည်း အောက်ဘက်မှာ Subtitle ကလွဲလို့ အောက်ထောင့်တွေကို လူတွေသတိထားမိတာနည်းပါတယ်။ ဒါကြောင့်မို့ Channel တွေက သူတို့ တံဆိပ်ကို လူသိစေချင်လို့ အပေါ် ဘယ်ညာမှာ ထားဖြစ်တာများပါတယ်။ အောက်ထောင့်တွေမှာ ထားတာနည်းပါတယ်။ ပြီးတော့ ဖုန်းတွေကို Landscape ကြည့်ဖို့ ဆုံးဖြတ်တဲ့အခါမှာလည်း ဖုန်းကို ဘယ်ဘက် 90′ စောင်းလိုက်တာများပါတယ်။ ညာဘက်ကို စောင်းကြည့်တာ နည်းပါတယ်။ ဒီနေရာမှာ Nova 4 Hole ဘယ်ဘက်အပေါ်ထောင့်မှာရှိနေတဲ့အတွက် Landscape ကြည့်တဲ့အခါ အောက်ဘက်ရောက်နေလို့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့အထိ သတိမထားမိပါဘူး။ S10 ပိုင်ရှင်တွေအတွက်တော့ ဆန့်ကျင်ဘက် ပြောင်းကြည့်တာ ပိုကောင်းပါတယ်။

နောက်တစ်ခုက Hole Animation က ဆွဲစောင်မှုမရှိပါဘူး။ S10 မှာဆိုရင် Hole ပတ်ခြာလည်ကို အလင်းတန်းပြေးသွားတာက ဘာမှမဟုတ်ပေမဲ့ ဆွဲစောင်မှုရှိစေတယ်။ Nova 4 မှာတော့ Lock Screen မှာ Hole ကနည်းနည်းလေး ကြီးနေတယ်။ Unlock လုပ်တဲ့အခါမှာ သေးသွားတယ် ဒီလောက်ပဲ။ နောက်တစ်ခု လွဲမှားနေတာက Setting ထဲမှာ Hole မကြိုက်လို့ ဖျောက်ချင်ရင် ဆိုတဲ့ Option မှာ Hole လို့မရေးပဲ Notch ဆိုတဲ့အသုံးအနှုန်းကို သုံးနေဆဲ…

Performance, Security & Software

ဒီအပိုင်းမှာ သိပ်ပြောစရာစကားသိပ်မရှိပါဘူး Nova 3 အတိုင်းခံစားရမှာပါ။ Kirin 970 က P20 မှာ သုံးထားတာဖြစ်လို့ Flagship Chipset ဖြစ်တဲ့အတွက် အခုချိန်မှာ နောက် ၂ နှစ်လောက်ထိ အေးဆေး သုံးပျော်ပါသေးတယ်။ ဘာလုပ်လုပ် ဘာဖွင့်ဖွင့် Smooth ဖြစ်နေဦးမှာပါ။ EMUI ကိုတော့ ဒီထက်အများကြီးတိုးတတ်လုပ်သင့်ပါတယ်။ Android 9 ကိုမှ EMUI 9 ကိုအုပ်ပေးထားတယ်။ Interface တစ်ခုလုံးက သိတဲ့အတိုင်း iOS ကိုမှ Widget တွေထည့်လို့ရအောင်လုပ်ထားသလိုမျိုးပဲ Design ပိုင်းက သေသပ်တယ်၊ ရှင်းလင်းတယ်။ Setting Design တွေနဲ့ GUI တစ်ချို့ တောဆန်နေတုန်းပဲ အထူးသဖြင့် Icon တွေက ဆွဲဆောင်မှုလုံးဝမရှိဘူး ပုံတုံးတွေသုံးထားတယ်။ Facebook တို့ Instagram တို့ကို တစ်ပါတည်း သွင်းပေးထားတယ်။ အဲ့အပြင် Booking.com, eBay and Netflix တို့ကိုလည်း သွင်းပေးထားပါတယ် မလိုအပ်ဘူးထင် ဖျက်ပစ်လိုက်တာပိုကောင်းပါတယ်။ နောက်တစ်ခုက Google Assistant က Lock Screen မှာ အလုပ်မလုပ်ပါဘူး Unlock လုပ်ထားမှသုံးလို့ရတာပါ။

Security ပိုင်းမှာ Fingerprint က ထိပွင့် တိကျတယ် ဘာမှပြောစရာမရှိ။ Face Unlock မှာ Nova 3 လို့ Infra Sensor မပါပါဘူး။ ဒါမဲ့ညဘက်ဖွင့်လို့ရပါတယ်။ ညဘက် Face Unlock သုံးရင် Display Brightness က များလာပြီး မျက်နှာရဲ့ Image ကိုဖမ်းယူတာပါ။ နောက်တစ်ခု Face Unlock က မြန်ပါတယ် တိကျပါတယ်။

Audio and Battery

Speaker က အခန်းသေရင် ပတ်ဝန်းကျင် တိတ်နေရင် အတော်လေးကျယ် 76dB လောက်ရှိမယ်ထင်တယ်။ Detail တွေ ကောင်းတယ်၊ Tones တွေ Bass တွေ ရှိသင့်သလောက်ရှိတယ်။ အရမ်းကြီး မိုက်တဲ့အထဲမှာတော့ မပါဘူး ပုံမှန်ပဲ။ နောက်တစ်ခုက ရထားတဲ့ Unit မှာ ဖုန်းကြီးပဲ ပါတဲ့အတွက် နားကျပ်ကို မစမ်းလိုက်ရဘူး။ ကျွန်တော်အထင် အရမ်းကြီးကောင်းမဲ့ အမျိုးအစားတော့ဟုတ်မှာမဟုတ်ဘူး။ သီချင်းနားထောင်ရတာကြိုက်သူတွေအတွက်ဆိုရင် ငွေသုံးပြီး ကောင်းတာလေးဝယ်တာပိုကောင်းပါလိမ့်မယ်။

နောက်တစ်ခုက Battery ပါ Nova 3 နဲ့အတူတူပါပဲ 3750mAh ပါတယ် အဲ့အပြင် 18W Fast Charging ပါတယ်။ ခက်တာက ထုံးစံအတိုင်း Adapter မပါလာခဲ့ဘူး။ အဲ့တော့ သေချာမစမ်းခဲ့ရဘူး။ ကျွန်တော်ဆီနောက် Battery က 40% လောက်ပဲပါတယ်။ သုံးကြည့်သလောက်အတော်လေး ခံတယ်လို့ပြောလို့ရတယ် သိသိသာသာ Drain တာမျိုးမရှိပဲ ပြီးတော့ Heat Management ကောင်းတယ်။ အပူလွန်ကဲမှုသိပ်မတွေ့ရဘူး။ Fast-Charging ပိုင်းမှာတော့ 1:30 – 1:45 လောက်နဲ့ 100% ပြည့်ပါတယ်။ ပြောမဲ့ပြောသာ ကိုယ်က iPhone User ဖြစ်တဲ့အတွက် Battery ပိုင်းကိုတော့ အခြားဖုန်းတော်တော်များများကို သရေကျမိတယ်။

Camera

မြန်မာပြည်ကိုသွင်းတာက 20MP ကိုပဲသွင်းတာပါ။ 20MP ကိုမှ f/1.8 ကျယ်တယ်။ 16MP တစ်လုံးပါတယ်။ 2MP Depth Sensor ပါတယ်။ အခြားသော Function တွေက Huawei ဖုန်းဆိုတော့ အတော်လေးစုံတာက ပြောစရာမရှိပါ။ ဒါဆို Quality မှာကကော??? အရိုးသားဆုံးပြောရရင် Huawei ရဲ့ ကြော်ငြာပုံတွေမေ့လိုက်ပါ Nova 3 ထက် ပိုကောင်းတာတော့ သေချာပါတယ်။ အထူးသဖြင့် နေဘက်ရိုက်တဲ့ပုံတွေမှာ အတော်လေး ကောင်းတယ်။ Detail တွေ Sharpness တွေ ပြည့်စုံတယ်။ Brightness နဲ့ Contrast ကလည်း မဆိုးဘူးလို့ပြောလို့ရတယ်။ Dynamic Range က Okay တယ်ဆိုတဲ့အဆင့်မှာပဲရှိပါတယ်။ နောက်တစ်ခုက AI ရဲ့ အသုံးဝင်မှုက တအားကြီး ပြောင်မြောက်မနေပါဘူး။ Object တွေကို အမျိုးအစားခွဲတာနဲ့ Vibrance ကိုတင်ပေးလိုက်တာလောက်ပဲရှိတယ်။ AI ကြောင့် HDR ပိုမကောင်းသလို ရုပ်ထွက်လဲ အရမ်းကြီး ပြောင်မြောက်သွားစေတဲ့လက်ရာမျိုးမရှိပါဘူး။

Night Mode မှာ ပုံကောင်းရဖို့အတော်လေး စိတ်ရှည်ရှည်နဲ့ ကြိုးစားမှ အဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင် Ghoshing Effect တွေ ဝင်နေတာမျိုးတွေဖြစ်တတ်တယ်။ အရမ်းလင်းလာတာမျိုးလဲသိပ်မရှိပါဘူး။ Video ပိုင်းမှာဆိုရင် EIS ပါတယ်။ မပါတာထက်စာရင် ပါတာက မဆိုးပါဘူး။ Angle အပြောင်းအလဲကျရင် အနည်းငယ်ထစ်နေတာမျိုးတွေရှိပါတယ်။ ပြီးတော့ 480fps Slo-Mode လည်းရပါတယ်။ Camera ပိုင်းမှာတော့ Nova 3 ယှဉ်ရင် တိုးတတ်လာတယ်။ Upper Mid-Rage or Mid-Rage Level ဆိုရင် ကင်မရာအကောင်းဆုံးဆိုတဲ့နေရာမှာတော့မရှိဘူး။ ဒါပေမဲ့ Camera Mode တွေအရ အကောင်းဆုံးဖြစ်တဲ့အတွက် ရိုက်တတ်ရင်တော့ ရှယ်ပါပဲ။

Conclusion

သုံးသပ်ရရင် Nova 3 ကို Upgrade လုပ်ထားတယ်ဆိုတာ မှန်သင့်သလောက်မှန်တယ်လို့ပြောရလို့ပါတယ်။ Chipset တူနေတာကို ပြဿနာသွားရှာလို့တော့မရဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါက Upper Mid-Range ဖုန်းဖြစ်နေလို့။ Kirin 970 ဆိုတာကလည်း Daily Performance အတွက် အများကြီးလုံလာက်တယ်။ Micro SD Card ဆိုဒ်မရပေမဲ Storage 128GB ဆိုတော့ သာမာန် User များအတွက် အများကြီးလုံလောက်တယ်။ ပြီးတော့ Punch Hole ဆိုတာကလည်း Innovation တစ်ခုဆိုတာထက် Full View ဖြစ်ဖို့ Notch ထက် တစ်ဆင့်တတ်လာတယ်လို့ပြောလို့ရတယ်။ အထူးသဖြင့် Anti-Notch များအတွက် ရွေးချယ်သင့်တဲ့အထဲမှာပါတယ်။ Battery ခံတယ်။ မကြိုက်တဲ့အချက်တွေကတော့ EMUI တိုးတတ်ဖို့ လိုသေးတယ်။ Camera ပိုင်းတွေ မှာ Level တူတွေထက်သာအောင်လုပ်ဖို့ လိုသေးတယ်။ ရှာကြံအပြစ်ပြောရရင် 128GB မလောက်တဲ့သူတွေအတွက် Micro SD Slot ထည့်သွင်းဖို့လိုအပ်တယ်။ စာဖတ်သူက Huawei Fan ဖြစ်နေပြီး Nova 2i တို့ Nova 3e တို့ကနေ Upgrade လုပ်ချင်ရင် (သို့) Camera ကို လွယ်လွယ်ကူကူ Tools တွေနဲ့ရိုက်တတ်ချင်ရင် Nova 4 ကိုရွေးချယ်စရာဖြစ်မှာပါ။ ဈေးနှုန်းကတော့ ဖုန်းကြီးပဲဆို 679000 ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။

(စာကြွင်း – PLANET X သည်ဖုန်းဆိုင်မဟုတ်ပါ)