fbpx

This is digital planet.

AudiorealmeReviewsTech News

Realme Buds Air Review

“Wired Earbuds နဲ့ True Wireless Stereo (TWS) Earbuds ဘာရွေးရမလဲ” ဆိုတဲ့မေးခွန်း ကျွန်တော့်ဆီ ခဏခဏလာမေးတတ်ကြတယ်။ Personal View အရပြောရင် TWS တွေဟာ Audio Quality နဲ့ပတ်သက်ရင် Sensitive ဖြစ်တတ်သူတွေ ဦးစားပေးမရွေးသင့်တဲ့အရာပါ။ အထူးသဖြင့် ၁သိန်းအောက် ဆိုတဲ့ဈေးမှာပေါ့။ TWS တွေရဲ့ အဓိကအားသာချက်တွေက ကြိုးမရှုပ်ဘူး၊ Smart ဖစ်တယ်၊ လူရှိန်တယ် စတာတွေ။ ဆိုတော့ ၁သိန်းနားကို ကပ်မယ်ထင်ခဲ့တဲ့ ဒီ TWS Earbuds ကို Realme က “၇သောင်း” ဆိုတဲ့ဈေးကို 1 year warranty နဲ့ တရားဝင်ရောင်းပေးလိုက်တဲ့အခါမှာ Realme Buds Air ဟာ ပေးရတဲ့ဈေးနဲ့ညွှန်းပျော်တဲ့ နားကြပ်တစ်ခုဖြစ်လာခဲ့တယ် ဆိုရမှာပါ။

– Design

ခင်များက Apple ရဲ့ Airpods တွေကို သဘောကျပြီး သူ့ဈေးကိုမကပ်နိုင်လို့၊ ဒါမှမဟုတ် iPhone မကိုင်ဖြစ်လို့ဆိုရင် ပြဿနာမရှိ။ သို့ပေမယ့် Copycat Design တွေကို Allergic ဖစ်တတ်တဲ့သူတွေအတွက်တော့ Realme Buds Air က Allergic ဖြစ်စရာပါ။ Power ခလုတ် ရှေ့ဘက်ကိုရောက်လာတာ၊ နားကြပ်ပေါ်က Minor Changes လေးတွေကလွဲရင် Airpods နဲ့ တစ်ထေရာတည်းပါပဲ။

ဒါပေမယ့် အနီးကပ်ကြည့်ရင်တော့ သေသပ်မှုပိုင်းမှာ လိုအပ်ချက်တစ်ချို့ကို မြင်ခဲ့ရတယ်။ အထူးသဖြင့် နားကြပ်ရဲ့အဆက်နေရာလေးတွေက ချေး(ဂျီး) ကပ်လွယ်တယ်လို့ခံစားရတယ်။ နောက်တစ်ချက်က Color ပါ။ Airpods ပုံစံထွက်အောင် အဖြူရောင်လိုချင်ရင်တော့ မပြောတတ်ပေမယ့် ကိုယ့်အမြင်အရ အနက်ရောင်လေးက ပိုလှတယ်ထင်မိ။ Realme ရဲ့ Brand Color အဝါရောင်ကို နောက်ပိုင်းရောင်းပေးမယ့်ပြောသွားပေမယ့် အတိအကျမပြောတတ်။ အဝါရောင်ကိုတော့ Realme Buds Air မှန်း သိသာစေမယ့် Unique Color လို့ မြင်တယ်။

Buds Air ရဲ့ နားကြပ်ဗူးရော နားကြပ်ကိုပါ Plastic နဲ့ အဓိကအခြေခံတည်ဆောက်ထားတယ်။ ဒါပေမယ့် နားကြပ်ကို ကိုင်ရတဲ့ Texture မှာတော့ Polycarbonate ပိုဆန်တဲ့ Mi Airdots ရဲ့အထိအတွေ့ကို ပိုသဘောကျမိတယ်။ တကယ်လို့ဗူးအပွန်းအစင်းဖြစ်မှာစိုးရင်တော့ Silicon Cover လးတွေ ဝယ်တပ်ကြပေါ့။

ကိုယ်တွေကို ဒီ Design နဲ့ပတ်သက်ပြီး လက်ခံစေတဲ့အချက်က သူ့ရဲ့ Size ကြောင့်ပါ။ TWS အတော်များများရဲ့ နားကြပ်ဗူးတွေ Size ကြီးတာနဲ့ပတ်သက်ပြီး Allergic ဖြစ်တဲ့ကိုယ်တွေအတွက် ဒီကောင်လေးက ဘောင်းဘီအိတ်ထဲအတော်နေရာယူနဲတယ်ပြောရမယ်။ ဆိုတော့ ပွင့်ပွင့်လင်းလင်းပဲပြောတာပေါ့။ Airpods Design လိုချင်တဲ့သူတွေအတွက် Clone ဝယ်မယ့်အစား Sound Quality သင့်သင့်၊ Feature စုံစုံနဲ့ Buds Air ကို ပိုပြီး Recommend ပေးချင်မိပါတယ်။

– Wearing Experience

In-ear နားကြပ်တွေအသုံးများတဲ့ကိုယ်တွေအတွက် ဒီကောင်လေးက နားထဲကနေ ကျွတ်ကျလွမယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့သုံးကြည့်တဲ့အခါမှာ ထင်ထားတာထက် Comfortable ပိုဖြစ်တာ သတိထားမိတယ်။ နားကြပ်က ပေါ့သလို ကြာကြာတပ်ထားရင် နားနာတာ၊ နားချွေးပြန်တာမျိုး မခံစားရဘူး။ Buds Air တပ်ရင်း ပြေးကြည့်တာ၊ Gym ဆော့တာလုပ်ကြည့်သလောက်မှာလည်း ကျွတ်ကျတာမျိုး မကြုံခဲ့ရဘူး။ (Bus ပေါ်မှာ တိုးကြ၊ ဝှေ့ကြတဲ့အချိန်မျိုးဆိုရင်တော့ အာမ မခံဘူးပေါ့)

– Touch Control

Realme Buds Air ကို Smart ဖြစ်စေတယ်လို့ ခံစားရတဲ့အဓိကအချက်တွေထဲ သူ့ရဲ့ Touch Gesture တွလည်း ပါပါလိမ့်မယ်။ ဘယ်၊ ညာ ကြိုက်တဲ့တစ်ဖက်ဖက်ကို Double Tap လုပ်ရင် သီချင်း Pause/Play, Triple Tap (၃ချက်ထိ) ဆို Next Song, တစ်ဖက်ဖက်ကို 2-3 seconds လောက် Tap & Hold လုပ်ထားရင် ဖုန်းရဲ့ Assistance (Siri, Google, XiaoAI,….) ကို ခေါ်ပေးတယ်။ အဲဒီကနေတစ်ဆင့် ကိုယ်ခေါ်ချင်တဲ့ဖုန်းနံပါတ်ကို ဖုန်းခေါ်ခိုင်းတာမျိုး လုပ်လို့ရတယ်ပေါ့။ ဖုန်းလာရင် Double Tap ဆို ဖုန်းကိုင်၊ Tap & Hold ဆို ဖုန်းချတာမျိုးအထိ နားကြပ်ကနေ တိုက်ရိုက်လုပ်လို့ရတယ်။ (Phone App မဟုတ်တဲ့ Messenger လို App မျိုးမှာတော့ ကောင်းကောင်းအလုပ်မလုပ်သေးတာ သတိထားမိပါတယ်။)

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Ear Sensor ကြောင့် သီချင်းနားထောင်တုန်း နားကြပ်ဖြုတ်လိုက်ရင် သီချင်းရပ်ပေးပြီး ပြန်တပ်ရင် သီချင်းပြန်ဖွင့်ပေးတာက အတော်သဘောကျဖို့ကောင်းတယ်။ သီချင်းကို Previous ပြန်သွားလို့မရတာ၊ Touch Area ကို ထိထိမိမိ Touch လုပ်ပေးရတာ အဲဒီအချက်တွေကလွဲရင် Buds Air ပေါ်က Touch Control နဲ့ Sensor တွေဟာ ကောင်းကောင်းအလုပ်ဖြစ်ပြီး အသုံးတည့်တယ်လို့ ကောက်ချက်ချချင်မိတယ်။

– Low Latency Mode

Realme Buds Air ရဲ့ နောက်ထပ် Main Selling Point တစ်ခုကို Gesture တွေနဲ့တစ်ဆက်တည်း ဆက်ပြောချင်တယ်။ အဲဒါကတော့ သူ့ရဲ့ Gaming Mode ပါ။ TWS နားကြပ်တွေကို ဂိမ်းဆော့ဖို့အတွက်သုံးသင့်လားလို့ လာမေးရင် အမြဲငြင်းလေ့ရှိပေမယ့် ဒီကောင်လေးနဲ့ Gaming Experience ကတော့ အတော့်ကိုအဆင်ပြေတယ်။ နားကြပ်နှစ်ဖက်လုံးကို တစ်ပြိုင်တည်း Tap & Hold လုပ်ထားပြီး ကားစက်နှိုးသံကြားရပြီဆိုရင် Low Latency Mode ထဲ ရောက်ပါပြီ။ 120ms ဆိုတဲ့ပမာဏက လုံးဝ Delay မရှိဘူးလု့ိ မပြောနိုင်ပေမယ့် PUBG, Identity V, Mobile Legends တို့မှာ စမ်းကြည့်သလောက် Gaming Experience အပေါ် အရင်နားကြပ်တွေလို မထိခိုက်တော့တာ ကျေနပ်မိတယ်။ Low Latency Mode က Battery ပိုကုန်တယ်ဆိုပေမယ့် PUBG တစ်ပွဲကို ကြာချိန်ပေါ်မူတည်ပြီး 10-20% ပဲကုန်တာကတော့ လက်ခံနိုင်တဲ့အနေအထားလို့ ယူဆမိတယ်။ ဆိုတော့ Realme Buds Air ကို ဂိမ်းဆော့ဖို့သုံးချင်သူတွေအတွက်လည်း Recommend ပေးလို့ရတဲ့ TWS နားကြပ်မျိုးပါ။

– Sound Quality

Realme Buds Air ရဲ့ Sound Quality က ကိုယ်တွေမှန်းထားတာနဲ့ လွဲတယ်လို့ ဆိုရမယ်။ မိတ်ဆက်တုန်းက ကြော်ငြာထားတဲ့ Dynamic Bass Boost Driver ကို အထင်ကြီးမိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ရဲ့ Bass သံက ဘာနဲ့တူနေလဲဆိုတော့ Musician တစ်ယောက်ကို ပတ်မ တီးရမယ့်နေရာမှာ ဗုံအသေးပေးထားသလိုပါပဲ။ ထွက်သမျှ Bass သံက Power အားနည်းလွန်း၊ ပျော့လွန်းတယ်။

သူ့ရဲ့အဓိကအားသာချက်တွေက Mids & Vocal လို့ထင်တယ်။ Highs တွေက ပေါ်တယ်ဆိုပေမယ့် မဆိုးဘူးဆိုတဲ့ အနေအထားလောက်ပဲရှိတယ်။ Sound Stage လေးတွေပေါ်တယ်ဆိုပေမယ့် တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု Color ပိုင်းမှာ အားနည်းတယ်လို့ ခံစားရတယ်။ ဘောလုံးပွဲနဲ့ ဥပမာပေးရရင် Short Pass လေးတွေနဲ့ အပေးအယူတော့ကောင်းပါရဲ့၊ Individual Skill နဲ့ အဆုံးသတ်ပိုင်းတွေမှာတော့ အသင်းကြီးတွေနဲ့ ကွာခြားသွားစေတဲ့ ဘုန်းမောက်လိုအသင်းမျိုးနဲ့ တူနေပါတော့တယ်။

Buds Air ရဲ့ Volume ပိုင်းက Outdoor အသံဆူတဲ့နေရာတွေမှာဆို တိုးတယ်ခံစားမိ။ ဒါကလည်း In-ear မဟုတ်တဲ့နားကြပ်တွေအတွက် အားနည်းချက်လို့ထင်တယ်။ အသံအရမ်းချဲ့လိုက်ပြန်ရင်လည်း အသံစူးပြီး နားအူတာကြောင့် ကြာကြာနားထောင်လို့အဆင်မပြေဘူး။ ကောင်းတဲ့ဘက်ကကြည့်ရင် ကားလမ်းကူးဘာညာမှာ ပတ်ဝန်းကျင်ကို အာရုံပိုစိုက်နိုင်တာပေါ့။ Indoor မှာဆိုရင်တော့ သူ့ Volume က လက်ခံနိုင်တဲ့အနေအထားမှာရှိပါတယ်။

သဘောကျမိတဲ့အချက်ကတော့ သူ့ရဲ့ Call Quality ပါ။ စမ်းဖူးသလောက် TWS နားကြပ်တွေမှာ Call Quality ကို သိပ်သဘောမကျခဲ့ပေမယ့် Passive Noise Cancellation ပါတဲ့ သူ့ရဲ့ Call Quality က စိတ်ကျေနပ်လောက်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်။ ဆိုတော့ Bass အသားပေးနားထောင်တတ်သူတွေ၊ Sound Quality ကို အသားပေးချင်သူတွေကိုတော့ Buds Air ကို မညွှန်းချင်ဘူး။ အပေါ်ဆုံးမှာပြောခဲ့သလို ကြိုးနားကြပ်တွေကိုပဲ ပိုအားပေးချင်ပါတယ်။

− Connectivity

Redmi Buds Air မှာ Bluetooth 5.0 နဲ့ Google Fast Pair Support ပါတယ်။ ကိုယ်တိုင်စမ်းကြည့်သလောက် ပထမဆုံးတစ်ခေါက် Connect လုပ်တုန်းက နဲနဲတိုင်ပတ်ခဲ့တာကလွဲရင် နောက်ပိုင်းအဆင်ပြေတယ်။ ပထမတစ်ခေါက် Connect လုပ်တော့ အဆင်မပြေရတဲ့အကြောင်းရင်းကလည်း ပွဲမှာတုန်းက Bluetooth ချိတ်စမ်းသွားတဲ့သူတွေ Unpair ပန်မလုပ်သွားတာ၊ Battery အားနည်းနေတာ တွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Unpair ဆိုမှ ဒီကောင်လေးက ဖုန်းတစ်လုံးနဲ့ချိတ်ထားပြီးရင် နောက်တစ်လုံးပြောင်းချိတ်ဖို့ဆို အရင်ဆုံး နားကြပ်နှစ်ဖက်စလုံးကို ဗူးထဲထည့်ပြီး Button လေးကို 5-6 sec လောက် ဖိထားပေးရတယ်။ ဒါမှ Reset ပြန်ဖြစ်ပါတယ်။ နောက်တစ်ချက်က ဗူးရဲ့ Button လေးပေါ်မှာ Noti Light ပါတယ်။ သူက ဗူးဖွင့်ရင် အစိမ်း၊ အားကုန်ခါနီးနဲ့ အားသွင်းတုန်းဆို အဝါ အဲလိုပြတယ်ထင်ရဲ့။ နေရောင်အောက်မှာဆိုရင်တော့ သူ့ Noti Light က ကြည့်ရအဆင်မပြေတာ သတိထားမိတယ်။

ရှင်းတာများသွားပြီဆိုတော့ Connectivity ဘက် ပြန်သွားတာပေါ့။ ပထမတစ်ခေါက် Bluetooth နဲ့ Connect လုပ်ပြီးပြီဆိုရင် နောက်အခေါက်တွေမှာ ဖုန်းမှာ Bluetooth on ထားသရွေ့ နားကြပ်ဗူးအဖုံးလေးဖွင့်တာနဲ့ Auto Connect လုပ်တယ်။ နောက်ပြီး သူ့ Connection Range က 10m (၃၂ ပေ) အတွင်းမှာ အတားအဆီး၊ အကာအရံတွေရှိရင်တောင် ကောင်းကောင်းအလုပ်လုပ်တယ်။ ဒီအချက်က သီချင်းနားထောင်ရင်း ဖုန်းကိုအပြင်မှာထားပြီး အခန်းထဲဝင်နေရင် အသံပျောက်ပျောက်သွားတတ်တဲ့ Redmi Airdots user တစ်ယောက်ရဲ့ စိတ်ချမ်းသာမိတဲ့အချက်ပါ။

နောက်ပြီး Bluetooth Connect ဖြစ်တဲ့အသံ၊ Low Latency Mode အဝင်၊ အထွက်သိစေတဲ့အသံ၊ ဖုန်းဝင်လာရင်မြည်တဲ့အသံ အဲဒီအသံလေးတွေ ခွဲပေးထားတယ်။ (အသံနဲနဲကျယ်တာကလွဲရင်ပေါ့) Audio Codec မှာတော့ SBC, AAC Support ပါတာတွေ့တယ်။ Mi 9 မှာချိတ်ကြည့်တော့ SBC Codec ကို Default ထားပေးတာကြောင့် ပိုကောင်းတဲ့ Quality ရချင်ရင် Bluetooth Setting မှာ AAC ကို ပြောင်းဖို့မမေ့စေချင်။ ဆိုတော့ စမ်းသုံးကြည့်တဲ့ တစ်ပတ်အတွင်းမှာ ၂ဖက်လုံးမချိတ်မိတာ တစ်ကြိမ်၊ တစ်ဖက်ထဲ အသံလာနေတာ တစ်ကြိမ်ကလွဲရင် သူ့ရဲ့ Connectivity ပိုင်းကို အားရမိပါတယ်။

– Battery

နားကြပ်ကို ဗူးထဲပြန်မထည့်ပဲ တစ်ခါတည်း Battery အကုန်ဖြုန်းနိုင်လောက်အောင် စိတ်မရှည်လို့ Battery Life ကို သီးသန့်မစမ်းဖြစ်ခဲ့ဘူး။ ဒီ Review ကို ရေးနေတဲ့အချိန်ထိမှာတော့ ၁ကြိမ်ပဲ အားပြည့်အောင်သွင်းရသေးတယ်။ အားသွင်းတယ်ဆိုမှ Realme Buds Air မှာ Type C သုံးပေးထားတာမြင်တော့ ၇သောင်းတန် TWS နားကြပ်မှာတောင် Type C ထည့်ပေးနိုင်ရက်နဲ့ ၃သိန်းဝန်းကျင်ဖုန်းတစ်ချို့မှာ ဘာလို့များ Type C ထည့်ဖို့ဝန်လေးကြသလဲ ဆိုတဲ့အတွေးကြောင့် ပြုံးမိပါရဲ့။ ပေးရတဲ့ဒီဈေးမှာ အကျေနပ်ကြီးကျေနပ်မိတာက Wireless Charging ပါ Support ပးတာပါ။ အားသွင်းနှုန်းအရလည်း မြန်တယ်ဆိုတဲ့ အနေအထားမှာရှိတယ်။

ဒီလောက်ဆို Realme Buds Air ဟာ ဘယ်လိုလူတွေအတွက်ဆိုတာ နားလည်လောက်ပြီထင်ပါတယ်။ ကိုယ်တိုင်လည်း Audio Quality ကို ဦးစားပေးဖို့စဉ်းစားမယ်ဆိုရင် သူ့ထက် ဈေးတစ်ဝက်လောက်သက်သာတဲ့ Mi In-ear Pro HD ကို ရွေးမိမှာပါ။ ဒါပေမယ့် ၇သောင်း ဆိုတဲ့ဈေးမှာ အပေါ်က Smart Feature တွေကို 1 Year Warranty နဲ့ရနိုင်မယ်ဆိုတာကြီးက P2P အရကြည့်ရင် တန်တာထက် ပိုနေပါပြီ။ ဆိုတော့ Game အဆော့များတဲ့သူတွေ၊ Smart ဖစ်တယ်ဆိုတဲ့ Feeling ကို အပြည့်အဝပေးမယ့် TWS Earphone ကောင်းကို ရှာနေသူတွေအတွက် ဒီဈေး၊ ဒီအခြေအနေမှာ Realme Buds Air ဟာ အတန်ဆုံးဖြစ်နေမယ်လို့ပြောရင် မငြင်းလောက်ဘူးလို့ ထင်မိပါတယ်။