This is digital planet.

ReviewsRedmiXiaomi

Redmi K30 Pro Review: The Inheritor

2020 မှ Killer Brand တစ်ချို့ Premium level ကို တက်လှမ်းတာ ကြိုဆိုသင့်တဲ့လုပ်ရပ်လို့ ကိုယ်တွေတော့ ခံယူထားတယ်။ ဒါမှလည်း အချောင်ခိုချင်နေတဲ့ ထိပ်က Brand တွေအတွက် တွန်းအားဖြစ်လာမှာကိုး။
ဒါပေမယ့် ကိုယ်တွေလို ပေါချောင်ကောင်းလေးတွေ ပိုအားသန်တဲ့ လူတန်းစားတစ်ရပ်အတွက် နဂို P2P နေရာမှာ အစားထိုးပေးမယ့် High-end Phone တွေဟာလည်း ကျိန်းသေလိုအပ်လာပြန်တယ်။ ဒီတော့ Redmi ရဲ့ K30 Pro ကရော မနှစ်က K20 Pro လိုပဲ ကောင်းသောအမွေဆက်ခံသူဖြစ်နေမလားဆိုတာ Review ဖတ်ရင်း သုံးသပ်ကြတာပေါ့။

ဒီ Review Unit ကို ထောက်ပံ့ပေးတဲ့ Mobile Image ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ K30 Pro 128/8 GB ကို မြန်မာငွေ ၆သိန်း ၃သောင်း ၉ထောင် (၆၃၉,၀၀၀) ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။ တခြား Model တွေကိုလည်း ဒီဆိုင်မှာ ဈေးတန်တန်နဲ့ရနိုင်တာမို့ ဆိုင်ရဲ့ Facebook page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Design & Body

Color က စတာပေါ့။ ကိုယ်တွေရထားတဲ့ Unit က Neon Blue လို့ခေါ်တဲ့ စိမ်းပြာစပ်က အရောင်အားဖြင့်မဆိုးပေမယ့် 2020 မှာ Frosted Color တွေပိုအားသန်နေတဲ့ကိုယ်တွေအတွက် သူ့ Glossy Back က Cyber Grey (ခဲရောင်) လောက် Premium မဖြစ်သလိုခံစားရတယ်။ Oreo (အဝိုင်း) Camera Design မှာ အသေးစိတ်လုပ်ထားတာလေးသဘောကျတယ်။ (Grey Version မှာလို အဝိုင်းလေးထပ်ပါရင် ပိုလှမယ်ထင်တယ်။) ဒီလောက်ပါပဲ။ ကျောဘက်က ရိုးရှင်းတည်ငြိမ်ပါတယ်။

မကြိုက်တဲ့တစ်ချက်ပြောကြည့်မယ်။ ဘေးဘောင်နဲ့ ရှေ့မှန်အဆက်နေရာလေးက နဲနဲကြမ်းရှရှဖြစ်နေတာ။ လက်ထဲကိုင်ထားရင် ပိုမြဲပေမယ့် တစ်သားတည်းမဖြစ်သလို ခံစားရတယ်။ Cover တပ်ထားရင်တော့ ဘောင်အုပ်သွားလို့ မသိသာတော့ဘူး။ Cover ဆိုမှ ဖုန်းဝိတ်က လေးတာသိသာတယ်။ Cover တပ်တော့ ပိုလေးတယ်ပေါ့။ နောက်ပြီး Original Cover က အမာသားဆိုတော့ ကိုယ်တွေအတွက် ဖြုတ်ရလက်နာပါတယ်။ (ဆိုင်ဝန်ထမ်းဖြုတ်ပြတုန်းကတော့ သာသာယာယာပဲ) ဒါပေမယ့် Cover က အကြမ်းခံသလို Camera မှန်မပွန်းအောင် အတိုင်းအတာတစ်ခုထိ ကာပေးထားတာလေးတော့ သဘောကျတယ်။

ဆိုတော့ Design နဲ့ Body ပိုင်းမှာတော့ K30 Pro က Premium Phone တွေနဲ့ဆို စည်းတစ်ခုခြားနေသေးတာ ခံစားမိပါလိမ့်မယ်။ သူ့ဈေးအတွက်ကတော့ ကိုင်ပျော်ပါတယ်။

Display, Pop-up Selfie & Security

K30 Pro ကို စသုံးကြည့်တာနဲ့ အတန်ကြီးတန်တယ်ခံစားမိမှာက သူ့ရဲ့ FullView Display ပါ။ ဟုတ်တယ်၊ Flagship တစ်ချို့မှာလို Resolution အမြင့်တွေ၊ Refresh Rate အမြင့်တွေ၊ မှန်အကွေးတွေ သူ့မှာမပါဘူး။ ဒါပေမယ့် ကိုယ်တိုင်သုံးဖြစ်တဲ့အခါမှာ သူ့ Display အရသာကို စွဲမှန်းမသိ စွဲလာတယ်။ Size ကြီးတာရယ်၊ ဘာအရှုပ်အယှက်မှမရှိတာရယ်ကြောင့် ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ရတာ အားရဖို့ကောင်းတယ်။ (ကိုယ်တွေဆို ဖုန်းကို ခဏခဏဇောက်ထိုးမှားကိုင်မိတယ်)

Panel Quality အရလည်း Redmi က ကြော်ငြာခဲ့သလို Brightness ကောင်းတာကြောင့် တစ်ဝက်လောက်မှာတင် အတော်လင်းနေပြီ။ Color ပိုင်းမှာ Option တွေပိုပါလာပြီး RGB level ကို ကိုယ်တိုင်ချိန်ညှိနိုင်မယ်။ ကိုယ်တွေကတော့ အရောင်တွေအရမ်းစိုလွန်းမနေပဲ Wide ဖြစ်တဲ့ P3 Color Mode ကို အတော်သဘောကျမိတယ်။ တကယ်လို့သာ 90Hz ကိုထည့်လိုက်ရင် Mi 10 ထက် အသာရသွားနိုင်တာကြောင့်လည်း Redmi အနေနဲ့ K30 Pro မှာ ချန်ခဲ့တာလို့ ကိုယ့် Experience အရ ယူဆပါတယ်။

Pop-up Selfie ကို ကြိုက်တဲ့သူရှိမယ်၊ မကြိုက်တဲ့သူရှိမယ်။ (ကိုယ်တွေကတော့ Neutral ပါပဲ) K20 Pro နဲ့ကွာသွားတာက သူ့ Pop-up မှာ မီးရောင် ၅မျိုးနဲ့ အသံ ၆မျိုးထိ ရွေးလို့ရတာပါ။ သူ့ Camera အပေါ်ဘက်နေရာက Noti Light အဖြစ်လည်း အလုပ်လုပ်တယ်ဆိုပေမယ့် ဖုန်းကို ဒီတိုင်းချထားရင် မြင်ဖို့မလွယ်တဲ့ blind spot ဖြစ်နေတော့လည်း….

Screen ကြီးသွားတာကြောင့်ပြောရမလားပဲ။ သူ့ Fingerprint Scanner က အပေါ်ဘက်တော်တော်ရောက်တယ်။ ကိုယ်တွေလို Mi 9 User အတွက် တစ်ပတ်လောက်အကြာမှာတောင် Screen off ထားရင် Fingerprint နေရာကို စမ်းနေရတုန်း။ Unlock Speed တော့ မြန်တယ်။ Face Unlock မှာလည်း Camera အဝင်၊ အထွက်က အရင် Generation တုန်းကထက် မြန်တာ သတိထားမိတယ်။ ကျန်တာထွေထွေထူးထူးတော့ မရှိ။

Sound & Vibration

Premium Flagship အများစုနဲ့ယှဉ်ရင် ဝိတ်လျှော့ထားတဲ့အပိုင်းတွေထဲက တစ်ခုပါ။ Speaker တစ်လုံးထဲနဲ့လာတယ်။ အသံအတော်ကျယ်ပေမယ့် Bass သံနဲ့ High Volume တွေမှာတော့ အမြင့်ဖုန်းတွေနဲ့ ကွာခြားချက်လေးတွေ ရှိနေလိမ့်မယ်။ အသံဘက်မညီတာ (Stereo မဖြစ်တာ) ကို Serious မဖြစ်ရင်တော့ Media Consumption အတွက် အဆင်ပြေမှာပါ။

Speaker မှာ မသာပေမယ့် နားကြပ်ပေါက်ကို Hi-fi Audio နဲ့တွဲထည့်ပေးတာက Flagship တွေထက် အားသာချက်လို့ ပြောရမလားပဲ။ နားကြပ်နဲ့သီချင်းနားထောင်တော့ ပထမဆုံးသတိထားမိတာက အသံအတော့်ကိုကျယ်တာပါ။ (55% လောက်မှာတင် ပတ်ဝန်းကျင်က အသံတွေမတိုးလောက်အောင် ကျယ်တယ်) K30 Pro Audio ရဲ့အားသာချက်က Mids နဲ့ Vocal ပါ။ အသံကျယ်လွန်းတာရဲ့အားနည်းချက်လို့ ပြောရမလားပဲ။ တခါတလေ High notes လေးတွေ ကြားသင့်သလောက် မကြားရတာမျိုးတော့ ရှိတတ်တယ်။ နောက်ပြီး Bass အသံကို အပြည့်အဝတော့ အားမရဘူး။ ဒီလို Minor weakness လေးတွေကြောင့် Highs တွေ ကောင်းကောင်းပေါ်တာကြိုက်ရင် အသံလျှော့နားထောင်ပါ၊ Bass များတာလိုချင်ရင် အသံတိုးနားထောင်ပါ၊ ဒါမှမဟုတ်ရင် Equalizer ကိုင်ပါလို့ အကြံပေးချင်တယ်။ ကိုယ်တွေတွက်တော့ Overall မှာ Mi 10 လောက် အားမရတာကလွဲရင် အဆင်ပြေပါတယ်။

K30Pro ကို စသုံးရင် Display ပြီး သတိထားမိမယ့်အချက်က သူ့ Haptic ဖြစ်ပါလိမ့်မယ်။ Mi 10 နဲ့ယှဉ်ရင်တော့ မဆိုစလောက်နိမ့်နိုင်ပေမယ့် Fingerprint, Noti, Keyboard, Camera ဘယ်နားမဆို ခံစားရမယ့် လိုက်ဖက်တဲ့ Vibration pattern တွေက P2P level မှာ K30 Pro ကို Premium ဆန်နေစေမှာပါ။ သေချာတာကတော့ K30 Pro ကို Haptic မကောင်းတဲ့ဖုန်းဆိုပြီး နှိမ်မရနိုင်တော့တာပါပဲ။

MIUI

UI ပိုင်းကတော့ အကြိုက်အမျိုးမျိုးရှိကြတာမို့ ကောင်း၊ မကောင်းကို Judge မလုပ်တော့ဘူး။ K30 Pro အနေနဲ့တော့ ဖုန်းကလေးသလောက် UI ပိုင်းက ပေါ့တယ်ဆိုတဲ့ ခံစားချက်ကို ရတယ်။ 90Hz နဲ့ Mi 10 လိုတော့ Smooth ဖြစ်မနေပေမယ့် ထစ်ပြုတာမျိုးလည်း မကြုံရဘူး။ (MIUI 12 တင်မသုံးလိုက်ရတာတော့ နှမြောစရာပေါ့)
Google Service အတွက်လည်း မပူပါနဲ့။ Playstore App လေးတစ်ခုပဲ Down ဖို့လိုတာပါ။ ကျန်တာအကုန် ဖုန်းထဲမှာ Built-in ပါတယ်။ ပထမဆုံးအကြိမ်မှာတော့ App Setting ကနေ Service တွေကို Enable ဝင်လုပ်ပေးရတာတစ်ခုပါပဲ။

Performance & Battery

Snapdragon 865 ကို Mi 10 မှာ စ စမ်းတုန်းက PUBG မှာ Setting အပြည့်မဖွင့်ပေးသေးပေမယ့် GPU Driver Update ကြောင့် ထင်ရဲ့။ လက်ရှိ K30 Pro update ပေါ်မှာတော့ HDR, Extreme ကို Support ပေးနေပါပြီ။ Heat အနေနဲ့ PUBG ၁ နာရီဝန်းကျင် Setting အမြင့်ဆုံး၊ Brightness တစ်ဝက်နဲ့ ဆော့ပြီးချိန်မှာ အပူကို ခံစားမိတယ်။ မကိုင်နိုင်လောက်အောင်မဟုတ်သလို ၃၊ ၄ မိနစ်အကြာမှာ နွေးရုံအနေအထား ပြန်ရောက်တယ်။ ကျန်တဲ့ Performance ပိုင်းတော့ အထွေအထူးပြောဖို့ လိုမယ်မထင်။

K30 Pro ရဲ့ 4700mAh က ကိန်းဂဏန်းသက်သက် မဟုတ်တာတော့ သေချာပါတယ်။ Youtube ကို 1080p, 60fps နဲ့ ၁နာရီကြည့်အပြီးမှာ 8-9% နဲ့ PUBG ၁နာရီကို 18% ဝန်းကျင်နဲ့ Stand-by 8hr ကို 1% ပဲကုန်တယ်။ ပြထားတဲ့အတိုင်းပဲ 100 to 15% ကို Screen time 9hr အထိရတာက အားရစရာပါ။ ဂိမ်းအဆော့နဲတဲ့ Normal User အတွက်ဆိုရင် ဒီဖုန်းက ၁ရက်ခွဲနဲ့ ၂ရက်ကြားထိ Battery ဆွဲဆန့်နိုင်မယ့်ဖုန်းလို့ ယူဆတယ်။

Review Unit ကို ဖုန်းသီးသန့်ပဲ ရလာခဲ့တာဆိုတော့ Charger ကို Mi 9 ရဲ့ 27W နဲ့ပဲ စမ်းလိုက်ရတယ်။ ရလဒ်က 10-100% ကို ၁ နာရီခွဲနီးနီးပါ။ Original 30W နဲ့ဆိုရင်တော့ ၁နာရီစွန်းရုံနဲ့ ပြည့်တယ်လို့ပြောကြပါတယ်။ ဆိုတော့ Performance နဲ့ Battery Life က K30 Pro အတွက် Solid Point တွေလို့တောင် ပြောနိုင်တဲ့အနေအထားပါ။


Camera

အစက K30 Pro ကို Zoom Edition လောက် ခံစားမရခဲ့တဲ့အထဲ Camera OIS မပါတာကြောင့်လည်း ပါခဲ့တယ်။ ဒါပေမယ့် ကိုယ်တိုင်စမ်းကြည့်ဖြစ်တော့ ဖြေသာစရာအချက်လေးတွေ တွေ့လာရပါတယ်။
Daylight အတွက် စပြောရင် Color ပိုင်းက များသောအားဖြင့် Natural ဖြစ်တယ်၊ Detail ကောင်းတယ်။
အားမရတာက Dynamic Range ပါ။ ပုံမှန်ထက် မပိုဘူး။ HDR ကို Auto ထားရိုက်ရင်တော့ အဆင်ပြေမယ်။
White Balance က Cool ဖြစ်တဲ့ဘက်ရောက်လို့ နေရောင်အောက်က တစ်ချို့ Scene တွေမှာ လှသင့်သလောက် မလှဘူးခံစားမိတယ်။

K30 Pro ရဲ့ Low Light Performance ကတော့ သာမန်ပါပဲ။ အထူးသဖြင့် Underexposed ဖြစ်တဲ့သူ့ Photo တွေက နေဝင်ချိန်ရှုခင်းလို အခြေအနေတွေမှာ အားအနည်းဆုံးဖြစ်လိမ့်မယ်။ ဒါပေမယ့် Detail တွေမဆိုးသလို Noise level ကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တာ သတိထားမိတယ်။ Night Photo တွေအတွက် Night Mode ကို အဓိကသုံးဖို့ အကြံပေးချင်ပါတယ်။ အစက OIS မပါတဲ့သူ့ Sensor ကြောင့် Night Mode Quality ကို ထိခိုက်မှာစိုးခဲ့ပေမယ့် ထင်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေခဲ့တယ်။

အရင် Review တွေမှာ ပြောခဲ့တဲ့စကားပဲထပ်ပြောပါ့မယ်။ “MIUI ရဲ့ Night Mode ဟာ လက်ရှိစမ်းဖူးသမျှထဲမှာ သဘာဝအကျဆုံးနဲ့ ကိုယ်တွေအကြိုက်ဆုံး ဖြစ်နေတုန်းပါ။” ရိုက်တာနဲ့ Process လုပ်ချိန်က 3-5 sec ပဲကြာတာ၊ Exposure ကို ကောင်းကောင်းထိန်းညှိပေးတာ၊ Noise reduction က Aggressive မဖြစ်ပဲ Detail ပေါ်တာ၊ အရင် Night Mode ထက် သိသာတဲ့တိုးတက်မှုမြင်ရတာတွေကြောင့် K30 Pro ပေါ်က အားအရဆုံး Camera Feature တစ်ခုအဖြစ် သတ်မှတ်ချင်ပါတယ်။

2MP နဲ့ဖမ်းတဲ့ Depth က Portrait Mode မှာ အတော်လေးတိကျတာ အံ့သြမိပါတယ်။ နောက်ခံရှုခင်းက အရမ်းမရှုပ်ထွေး၊ Subject နဲ့ အရမ်းကပ်နေတာမျိုးမဖြစ်သရွေ့ Detail ကောင်းတဲ့ Portrait shot တွေ ရနိုင်ပါတယ်။ (Image Size ၂ ဆလောက် ကြီးသွားတာတော့ သိပ်သဘောမကျ) သူ့ Ultra-wide က Main Sensor လိုတော့ Detail မကောင်းပေမယ့် 8MP တွေထက် သိသိသာသာ ပိုကောင်းပါတယ်။ စိတ်မကောင်းစရာက Low Light အတွက် Night Mode မရတာပါ။

Macro Mode ကိုတော့ K30 Pro ရဲ့ Underrated အဖြစ်ဆုံး Feature လို့ မြင်တယ်။ သူ့ Sensor က သမရိုးကျ 2MP တို့ Ultra-wide နဲ့ရိုက်တဲ့ Macro တို့ထက် အပုံကြီးပိုသာပါတယ်။ အားနည်းချက်အနေနဲ့ပြောရရင်တော့ လက်အတော်ငြိမ်ပြီး အလင်းကောင်းကောင်းရဖို့ လိုတာပါ။ သူ့မှာ Autofocus ပါပေမယ့် Manual Focus နဲ့ဆို နဂိုထက်ပို အနီးကပ်ရိုက်လို့ရသလို Digital Zoom ကို ၂ဆထပ်ဆွဲခွင့်ပေးထားတာက အတော်မိုက်တယ်။ Stay Home လို ကာလမျိုးမှာ အပြင်မှာရိုက်စရာရှုခင်းရှားသလောက် Macro Shot တွေက ကိုယ် Idea ကောင်းရင်ကောင်းသလို ရိုက်စရာပေါများလွန်းနေတာက စိတ်ချမ်းသာစရာပါ။ Macro ကို Photo တင်မကပဲ Video ပါ ရိုက်နိုင်တယ်။ Manual Mode မှာလည်း Shutter Speed 1 sec ထိ ပေးထားတာမို့ ရိုက်ဖို့စိတ်ဝင်စားရင် Tripod လေးတော့ ဆောင်စေချင်ပါတယ်။

Manual Mode ဆိုမှ K30 Pro မှာ Camera ၃ လုံးစလုံးအတွက် Manual Support တဲ့အပြင် Photo ရော Video ကိုပါ Manual Mode နဲ့ရိုက်နိုင်တယ်။ ဒါ့အပြင် Pro ကျကျ ရိုက်ချင်သူတွေအတွက်လည်း RAW photo, Log Video တွေရိုက်နိုင်တဲ့အပြင် Histogram ဘာညာလည်း တစ်ခါတည်းကြည့်လို့ရတာမို့ အဆင်ပြေမယ်ယူဆတယ်။ သူ့ 20MP Pop-up selfie ကတော့ သာမန်ထက်မပိုသလို Video Stabilization မရသေးတာတစ်ချက်က ဆိုးတယ်။ ညဘက်ရိုက်ရင် HDR on မထားဖို့ အကြံပေးချင်ပါတယ်။

Video ပိုင်းမှာ K30 Pro က 8K ကို ဈေးအသက်သာဆုံးနဲ့ ရိုက်လို့ရတဲ့ဖုန်းဆိုလည်း မမှားလောက်ပါဘူး။ ဒါပေမယ့် ၁မိနစ်စာကို file size က 600MB လောက် ရှိမှာပါ။ Tripod လည်း လိုပါလိမ့်မယ်။ 4K နဲ့ 1080p တွေမှာတော့ 30fps က EIS အတော်ကောင်းတယ်။ Super Steady Mode လို Feature မျိုးအပြင် အလွယ်ရိုက်နိုင်တဲ့ Video Feature တွေလည်း အတော်စုံလာပြီပြောလို့ရတယ်။

ဆိုတော့ K30 Pro Camera က Flagship တွေနဲ့ သူတင်ကိုယ်တင်ယှဉ်နိုင်မယ့် အနေအထားတစ်ခုမဟုတ်တာ လက်ခံရမှာဆိုပေမယ့် သူ့ဈေးအရမှာ ကောင်းတယ်၊ Feature စုံပြီး တန်တယ်ဆိုတဲ့ Feeling တစ်ခုကိုတော့ ပေးစွမ်းနိုင်ပါလိမ့်မယ်။

ပြောချင်တာတွေလည်း အတော်ပြောပြီးပြီဆိုတော့ K30 Pro ဆိုတာ ဘယ်လိုဖုန်းမျိုးလဲ ဖတ်ရင်းသိလောက်ပြီထင်ရဲ့။ သူ့ဈေးမှာသူ့ထက် တစ်ကွက်ကောင်းဖုန်းတွေ (ဥပမာ CC9 Pro လို) ရှိကောင်းရှိမယ်။ ဒါပေမယ့် Overall မှာ သူ့လိုထောင့်စေ့တဲ့ဖုန်းကို ရှာဖို့ခက်ပါလိမ့်မယ်။ ဟုတ်တယ်၊ Flagship တွေနဲ့ယှဉ်ရင် စာရွက်ပေါ်မှာရော လက်တွေ့မှာပါ လိုအပ်ချက်တွေသူ့မှာရှိတယ်။ ဒါပေမယ့် Killer level ကို အမွေဆက်ခံဖို့ လုံလောက်တဲ့အရည်အချင်းတွေ သူ့မှာအပြည့်ရှိနေတယ်။ ဒါကြောင့်ကိုယ်တွေအတွက်တော့ ဒီဖုန်းဟာ 2020 လက်ရှိအချိန်ထိမှာ ဝယ်သုံးချင်စိတ်ဖြစ်မိတဲ့ (လက်လှမ်းမှီတဲ့) ဖုန်းတစ်လုံးလို့ ဆိုချင်မိပါတော့တယ်။ (စဉ်းစားကြည့်လေ၊ ကိုယ်တွေ Mi 9 ဝယ်တော့ ၇ သိန်းခွဲ။ လက်ရှိဒီကောင်က ၆သိန်းစွန်းစွန်းမှာ နေရာတိုင်းလိုလို Mi 9 ထက် သာနေတယ်။ ဒီကောင့်ကိုတန်တယ်ထင်တာ မှားလို့လားနော့)