This is digital planet.

ArticlesSamsungSonyTech News

Samsung Camera Sensor တွေအတွက် Sony ရဲ့ တန်ပြန်တိုက်စစ်

Sony ဆိုတာ ကိုယ်တိုင် Smartphone ထုတ်တဲ့နေရာမှာ ဘယ်လောက်ပဲ လိမ်ဖယ်လိမ်ဖယ်ဖြစ်နေပါစေ၊ Smartphone နယ်ပယ်မှာတော့ အဓိက Camera Sensor ထုတ်လုပ်ရောင်းချသူအဖြစ် အကျိုးအမြတ်များတဲ့ Company ပါ။ ဒါပေမယ့် ၂၀၁၉ မှာ Sony ဟာ Samsung ကျောတာကို နှစ်ကြိမ်တိတိ ခံလိုက်ရတယ်။ 1st time က ပထမဆုံး 64MP Sensor ထုတ်လုပ်သူနေရာကို Samsung က လုသွားတာ။ 2nd time က Samsung ကိုယ်တိုင် ဒီနှစ်ထဲမှာ သုံးဖို့စိုင်းပြင်းနေတဲ့ 108MP Sensor ရယ်ပါ။ တကယ်လို့ Sony အနေနဲ့ဆက်ငြိမ်နေမယ်ဆိုရင် Mid-range တင်မကပဲ Flagship Camera Sensor တွေမှာပါ Samsung က ဝေစုခွဲယူနိုင်တဲ့အနေအထားရောက်လာတဲ့အခါမှာ Sony ဘက်ကလည်း ထိုက်သင့်တဲ့တုန့်ပြန်မှုတစ်ခုကို ချပြရမယ့်အချိန် ရောက်လာခဲ့ပြီဆိုရမယ်။

တိုက်တိုက်ဆိုင်ဆိုင် Sony ရဲ့ Sensor အသစ်နှစ်ခုဖြစ်တဲ့ IMX 708 နဲ့ IMX 689 တို့ရဲ့သတင်းဟာ Weibo ရဲ့သတင်းစာမျက်နှာပေါ် ရောက်ရှိလာခဲ့တယ်။ နောက်ပြီး ဒီ Sensor အသစ်တွေမှာ Omni-directional Focusing Technology နဲ့ 2×2 On-chip Lens Solution တို့လို နည်းပညာသစ်တွေပါဝင်လာမယ်လို့ ကြားသိရတယ်။ ဆိုတော့ကာ ခုလိုနာမည်ဆန်းကြီးတွေရဲ့နောက်ကွယ်က သူတို့ရဲ့ဆိုလိုရင်းကို နားလည်ထားသလောက် အလွယ်ဆုံးဖြစ်အောင် အရင်ရှင်းပြကြည့်တာပေါ့။

ဓာတ်ပြားဟောင်းကို ဖုန်ခါရရင်ဖြင့် Quad Bayer Arrangement ဆိုတာ Megapixel များတဲ့ ဒီဘက်ခေတ် Image Sensor တွေဟာ တကယ်တော့ Pixel အသေး ၄ ခုကို အကြီး ၁ ခုအဖြစ် အသုံးချမယ့် Pixel Binning အတွက် အသင့်တော်ဆုံးအစီအရီဆိုတာ Smartphone Camera ပိုင်းနဲ့ မစိမ်းသူတွေ သိပြီးဖြစ်ကြမှာပါ။ (မသိသေးတဲ့သူတွေအနေနဲ့လည်း PLANET X မှာ ဒီအကြောင်းတွေ အက်ကြောင်းထပ်အောင်ရေးထားပြီးမို့ ရှာဖတ်ကြည့်စေလို) ဆိုတော့ ဒီ Pixel တစ်ခုစီမှာ အပြင်ကအလင်းကိုလက်ခံဖို့ သုံးတဲ့ မှန်ဘီလူးအသေးလေးတွေကိုယ်စီ ရှိကြတယ်။ Pixel တစ်ခုစီအတွက် Lens တစ်ခုစီပေါ့။ ဒါပေမယ့် 2×2 OCL နည်းပညာမှာတော့ Lens အသေး ၄ခုအစား Pixel ၄ ခုစာအတွက် Lens အကြီးတစ်ခုကို အသုံးပြုပေးမှာပါ။

ဆိုတော့ ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ?

သူတို့ပြောပုံအရ 2×2 OCL မှာ Pixel တွေအားလုံးဟာ Phase Detection Autofocus အတွက် အသုံးပြုနိုင်မှာမို့ Autofocus အပိုင်းမှာ ပိုပြီးတိကျမြန်ဆန်တဲ့လုပ်ဆောင်ချက်မျိုးကို ပေးစွမ်းနိုင်မယ်လို့ ဆိုထားတယ်။ အရင် 12MP တွေမှာသုံးခဲ့ကြတဲ့ Dual PDAF နောက်ပိုင်းမှာ Sensor အသစ်တွေဟာ Autofocus ပိုင်းအားနည်းချက်ကြောင့် Laser Focus လို Hardware ပိုင်းအကူအညီတွေ ထည့်သွင်းခဲ့ကြရတယ်။ ဒါပေမယ့် IMX 708 မှာတော့ ဒီအားနည်းချက်ကို ပြင်ဆင်နိုင်မယ့်အပြင် Video ရိုက်ကူးမှုမှာလည်း နေ့၊ည အချိန်မရွေးပဲ ပိုပြီးတိကျမြန်ဆန်တဲ့ Autofocus ချိန်ညှိမှုမျိုးကိုပါ လုပ်ဆောင်လာနိုင်ခြေရှိနေပါတယ်။ ဒီနည်းပညာကို Omni-directional Focusing Technology လို့ နာမည်ပေးထားပြီး IMX 708 က ခုပြောသွားတဲ့နည်းပညာကို ပထမဆုံးသုံးမယ့် Mobile Camera Sensor ဖြစ်လာတော့မှာပါ။

ဒါ့အပြင် Quad Bayer နဲ့ 2×2 OCL ပေါင်းစပ်မှုကြောင့် HDR Photo တွေ၊ Low Light တွေမှာပါ ပိုပြီးကောင်းမွန်တဲ့ Result ကို ရလာနိုင်ပါတယ်။ လက်ရှိသိထားသမျှသတင်းတွေအရ IMX 708 ဟာ 48MP ကို အများဆုံးထောက်ပံ့မှာဖြစ်ပြီး Sensor Size အနေနဲ့ 1/1.7″ ထက် ပိုကြီးနိုင်ပါသတဲ့။ ဆိုတော့ ဒီ Sensor အသစ်ဟာ လက်ရှိဈေးကွက်ထဲက 64MP Sensor တွေထက်တောင် Size ပိုကြီးနိုင်ခြေရှိနေပါတယ်။ (လက်ရှိ Size အကြီးဆုံးပြောရမယ့် Samsung ရဲ့ 108MP Sensor က 1/1.3” ပါ) ဒါဆို Sensor Size ကို ကြီးစေမယ့်အကြောင်းအရင်းတွေက ဘာတွေဖြစ်နိုင်မလဲဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။

Image result for sony imx708

ဒီ Sensor ၂ ခုလုံးကို Sony က မကြာခင် Global မှာမိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပေမယ့် Smartphone Company တစ်ခုအတွက် သီးသန့်ထုတ်လုပ်ပေးတဲ့ Sensor လည်းဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတယ်။ ခုလိုအဖြစ်အပျက်က ပထမဆုံးမဟုတ်တော့ပါဘူး။ Huawei က သူတို့ရဲ့ P20 နဲ့ P30 Series တွေမှာ သူတို့လိုချင်တဲ့ စိတ်ကြိုက် Design နဲ့ IMX 600 လို Sensor မျိုးကို Sony က သီးသန့်ထုတ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် IMX 708 ကတော့ Huawei အတွက်မဟုတ်တာ သေချာသလောက်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ P40 Series မှာ အသုံးပြုမယ်လို့ နာမည်ကြီးနေတာက 52MP Sensor ဖြစ်နေလို့ပါ။ ဒီ Sensor ကို ပထမဆုံးအသုံးပြုမယ့် Smartphone ဟာ OPPO Find X2 ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပြီး Sony ရဲ့ 32MP Selfie Sensor IMX 616 နဲ့ တွဲသုံးလာမယ်လို့ သတင်းထွက်နေတာဆိုတော့ OPPO အတွက် သီးသန့် Sensor လည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုရမှာပဲ။

Image result for sony imx708

ဘယ်လိုပဲဖြစ်ဖြစ် Sony ကတော့ သူတို့ရဲ့ Image Sensor တွေကို Unique ဖြစ်စေမယ့် နည်းပညာသစ်တွေနဲ့အတူ Samsung ကိုတုန့်ပြန်ဖို့ စိုင်းပြင်းနေပြီ။ ဒါပေမယ့် Samsung ရဲ့ လက်ရှိ Hot အဖြစ်ဆုံး 108MP Sensor ကို ယှဉ်နိုင်ဖို့ဆိုရင်တော့ Sony အနေနဲ့ ခုထက်ပိုများမယ့် Megapixel Solution တစ်ခုခုကို သုံးဖို့လိုကောင်း လိုအပ်လာပါလိမ့်မယ်။ ဒါကလည်း Sony အနေနဲ့ Mobile Videography မှာ 6K, 8K Video ရိုက်ကူးမှုတွေကို တစ်ဆင့်တက်ဖို့ အသင့်ဖြစ်ပြီလားဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါလိမ့်မယ်။ 2020 ရဲ့ Smartphone Camera တွေပြိုင်ဆိုင်မှုမှာ သမရိုးကျ 12MP တွေထက် ပိုပြီးများလာနိုင်မယ့် လမ်းစတွေကို ခုထက်ပိုပြီးမြင်တွေ့လာရဖို့ကတော့ သေချာသလောက်ရှိနေပါပြီ။

Source: weibo