fbpx

This is digital planet.

ReviewsSamsung

Samsung Galaxy S10e Review (Rocket Raccoon)

Compact Flagship Phone တွေ မျိုးတုန်းပျောက်ကွယ်လုနီးနီးဖြစ်တဲ့ ဒီဘက်ခေတ်မှာ Galaxy S10e လို ဖုန်းမျိုးကို မြင်တွေ့ရတာဟာ မျှော်လင့်ချက် မြက်တစ်ပင်ကို ဆုပ်ကိုင်မိသလိုပါပဲ။ S10 Series Launch လုပ်ချိန်မှာလည်း ဒီပိစိကွေးက နောင်တော်နှစ်ယောက်ထက် ကိုယ်တွေကို Review လုပ်ချိန်ဖြစ်အောင် ပိုပြီးဆွဲဆောင်နိုင်ခဲ့တယ်။ ဒီတော့ iPhone XR ကို ဈေးတူ၊ Spec အသာနဲ့ ယှဉ် Fight ဖို့ ရည်ရွယ်ပြီးပွဲထွက်လာတဲ့ S10e က Flagship Level ရဲ့ Characteristic တွေ၊ Compact Phone Lover တွေရဲ့ လိုအပ်ချက်တွေကို ဘယ်လောက်ထိဖြည့်ဆည်းပေးနိုင်မလဲဆိုတာတော့ Review ဖတ်ရင်း အကဲဖြတ်ပေးကြပေါ့။

Samsung Galaxy S10e ရဲ့ရောင်းဈေးကတော့ မြန်မာငွေ ၁၁ သိန်း ၅သောင်း ၉ထောင်ကျပ် ပါ။ Review Unit အတွက် Samsung ကို ကျေးဇူးတင်ပေမယ့် နောက်ထပ် Unit တွေကျရင် ဖုန်းချည်းပဲ ကိုယ်လုံးတီးလေး သတင်းစာနဲ့ပတ်ပေးမယ့်အစား User Experience လေးအပြည့်အဝရအောင် တခြား Accessory လေးတွေပါ တွဲငှားပါလို့ တောင်းဆိုပါရစေ။

Design & Build Quality

Unique ဖြစ်တယ်ဆိုပေမယ့် Camera ၃ လုံးကို အလျားလိုက် ထည့်ထားတဲ့ Design ကို Personally Prefer မဖြစ်တဲ့ကိုယ်တွေအတွက် S10e ရဲ့ ကျောဘက် Design က ပိုပြီးလက်ခံနိုင်စရာအနေအထားဖြစ်လာတယ်။ Camera နဲ့ Samsung တံဆိပ်ကလွဲရင် ကျောဘက်မှာ ပြောင်ရှင်းနေတဲ့အပြင် Camera Bump ကြီးကြီးမားမားထွက်မနေတာက Minimalist သမားတွေအတွက် သဘောကျစရာပါ။ Black Color က S10e အတွက် အတော်လိုက်ဖက်တဲ့အရောင်လို့ထင်မိပေမယ့် ဘာကြောင့်ဒီကို အဝါရောင်သီးသန့်သွင်းဖို့စိတ်ကူးလဲဆိုတာတော့ တကယ်စဉ်းစားလို့မရပါဘူး။ (သြင်္ကန် Fashion အတွက်များ ရည်ရွယ်လေသလားပဲ။ ရှေ့ဘက် Design ကိုတော့ Display ပိုင်းမှာမှ ဆက်ပြောတာပေါ့) ဒီတော့ S10e ကို Design ပိုင်းနဲ့ပတ်သက်ရင် Minimalistic ဆန်ပြီး ခေတ်ရှေ့ပြေးတယ်လို့ အတိုချုံးပြောချင်ပါတယ်။

S10e ရဲ့ Phone Body ကိုတော့ Glass Sandwich Design မှာ Aluminium Frame ကို တွဲသုံးထားတယ်။ သတိထားမိတာက Frame မှာသုံးထားတဲ့ Color က ခါတိုင်းလို Matte Color မွဲခြောက်ခြောက်မဟုတ်ပဲ Shiny ဖြစ်နေတော့ ကိုင်ရတာ Smooth ဖြစ်တဲ့ Feel ကို ရတယ်။ သဘောမကျတဲ့အချက်က Frame နဲ့ ကျောဘက် Glass ကြားက ကြမ်းရှရှခံစားချက်ကြောင့် နောက်ဖုံးများ ဟနေလားဆိုတဲ့ Insecure Sense မျိုး တစ်ချက်တစ်ချက် ဝင်မိတယ်။ ဒါကလည်း နောင်တော်တွေနဲ့ယှဉ်ရင် Premium Feeling မှာ S10e ကို တစ်ဆင့်နိမ့်စေတဲ့အပိုင်းလို့ ဆိုရမှာပါ။

Structure အနေနဲ့ ဖုန်းအပေါ်ဘက်မှာ Hybrid SD Slot ပါတဲ့ Dual Sim Tray ကို ထည့်ပေးထားတယ်။ Volume နဲ့ Bixby Button တွေက ဖုန်းရဲ့ဘယ်ဘက်မှာရှိပြီး ညာဘက်အပေါ်နားမှာ Fingerprint Scanner ပါတဲ့ Physical Power Key ကို ထည့်ပေးထားတယ်။ ကျင့်သားမရသေးလို့ တစ်ခါတစ်လေ Bixby Button ကို Power Key နဲ့မှားနှိပ်တတ်တာကလွဲရင် Button တွေနှိပ်ရတဲ့ Feedback က အပြစ်ပြောစရာမရှိ။ ဖုန်းအောက်ဘက်မှာတော့ Headphone Jack, Type C Port နဲ့ Speaker ပေါက် စတာတွေကို အစဉ်လိုက်မြင်ရမှာပါ။

ဆိုတော့ ကပ်သပ်ပြောရရင်တော့ Weight Distribution ပိုင်းမှာ ဖုန်းအောက်တစ်ဝက်က မဆိုစလောက် ပိုအလေးသာတယ်ဆိုပေမယ့် ကိုယ်တွေလို Compact Phone Crazy တစ်ယောက်အတွက်တော့ S10e ကိုင်ရတဲ့ခံစားချက်က သေးသေးကျစ်ကျစ်နဲ့ ကိုင်ရပေါ့ပါးတယ်ဆိုတဲ့ Feel မျိုး အပြည့်အဝရတဲ့ဖုန်းတစ်လုံး သေချာပေါက်ဖြစ်လာခဲ့တယ်။

Display

ဒီလောက် Size သေးသေးဖုန်းမှာ 5.8” Display ကို FullView သုံးရတာဟာ S10e ရဲ့အကြွေဆုံးအချက်တွေထဲက တစ်ချက်လို့ ဆိုရမှာပါ။ သူ့မှာ နောင်တော်တွေလို Quad HD+ Resolution မဟုတ်သလို Curved Display လည်းမပါပါဘူး။ ဒါပေမယ့် Physically Secure ပိုဖြစ်တဲ့ခံစားချက်၊ Smartphone ပေါ်မှာ 1080p ဆို လုံလောက်ပြီဆိုတဲ့ခံယူချက်တွေက S10e ရဲ့ Display ကို ကိုယ့်အတွက် Personally Prefer ပိုဖြစ်စေခဲ့တယ်။ Camera Hole က အကြိုက်ဆုံး Solution တော့ မဟုတ်ခဲ့ပေမယ့် ရေရှည်သုံးတဲ့အခါမှာတော့ သိသိသာသာကြီး စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မကြုံခဲ့ရ။ ဒီတော့ တစ်ခုအကြံပေးချင်တာက Setting မှာ Punch Hole နေရာအထိကို Black Bar အုပ်ခွင့်ပေးထားပေမယ့် Punch Hole နဲ့အသားကျအောင်လုပ်တာက FullView အရသာကို ပိုပြီးအပြည့်အဝခံစားရစေတယ်လို့ မြင်မိတယ်။

အပေါ်နဲ့ ဘေးဘယ်၊ညာ နှစ်ဖက်က Bezel တွေကို တစ်ညီတည်းဖြစ်အောင်လုပ်ထားတာက အတော်လေးကြည့်ရကောင်းသလို Chin အနေနဲ့ တခြားဘောင်တွေနဲ့ယှဉ်ရင် နဲနဲထူနေပေမယ့် ဒီလောက် ဖုန်း Size မှာ ဒီ Screen-to-body Ratio ရတာက လက်ခံနိုင်တယ်ဆိုတာထက် ပိုပါတယ်။ Display Quality ပိုင်းမှာ သူတို့ပြောထားတဲ့ Dynamic AMOLED ကြောင့် HDR 10+ Support လုပ်တဲ့အပြင် Color စိုစိုသုံးချင်သူတွေအတွက် Vivid ၊ Natural Color ကြိုက်သူတွေတွက် Normal စတဲ့ Mode နှစ်မျိုးလုံးက သူ့ဟာနဲ့သူ အဆင်ပြေနေတယ်။ သူ့ရဲ့ Adaptive Brightness က ကိုယ့်မျက်လုံးရဲ့ Taste နဲ့ဆိုရင် အလင်းပိုနည်းတဲ့အချက်ကလွဲရင် Galaxy S10e ရဲ့ Display က လုံးဝ Premium Level မဟုတ်တော့ Flagship တန်းမှာ ထိပ်ရောက်နေတဲ့ Display တစ်ခုလို့ သေချာပေါက်ဆိုနိုင်ပါတယ်။

Fingerprint & Security

Side-mounted Fingerprint တွေဟာ ခုချိန်ထိ လူသုံးအနည်းဆုံးနဲ့ ကိုယ်တွေအကြိုက်ဆုံး Placement ဖြစ်နေတုန်းပါပဲ။ (အရင် S Series တွေမှာလို ကျောဘက်မပို့ပဲ Power Button မှာတွဲထည့်ပေးလို့ ကျေးဇူးပါ Samsung) ကိုယ်တွေလက်အရွယ်အစားရယ်၊ ဘယ်လက်နဲ့ ဖုန်းကိုင်များတာရယ်ကြောင့် သူ့ရဲ့ Fingerprint Position က ပြဿနာမရှိခဲ့ပေမယ့် လက်သေးတဲ့ ဘယ်သန်သမားတွေအတွက်တော့ Unlock လုပ်ဖို့ဆိုရင် ဖုန်းကို အပေါ်ဘက်တိုးကိုင်ရမယ့် အနေအထားပါ။ ပြီးတော့ ညာသန်တွေအတွက် လက်မနဲ့ Register လုပ်ရတာက ပိုအဆင်ပြေမယ်လို့ မြင်တယ်။ Unlock Style ကို Power Button ဖိမှ Scan တာနဲ့ Always Scan တာဆိုပြီး နှစ်မျိုးရွေးလို့ရတယ်။ Unlock Speed ကလည်း In-Display Scanner တွေထက် သေချာပေါက်ပိုမြန်တာကြောင့် S10e ရဲ့ Fingerprint ကို Smart Choice လို့ ဆိုပါရစေ။

ဓာတ်ပုံနဲ့ဖွင့်တောင် ပွင့်တယ်ဆိုတဲ့ Face Unlock ကိုတော့ အသေးစိတ်စမ်းနေတာမျိုး မလုပ်ဖြစ်ပေမယ့် Face Unlock လုပ်တိုင်း Selfie Camera ရဲ့ ပတ်လည်မှာ Ring ပုံစံ Light Animation လေးဖြစ်ဖြစ်သွားတာကတော့ အတော်သဘောကျဖို့်ကောင်းတယ်။ (Face Unlock မှမဟုတ်ဘူး၊ Selfie Camera ဖွင့်ရင်၊ Noti အသစ်လာရင်လည်း အဲလို Animation လေးပြတာက S10 Series ရဲ့ Unique Feature လို့တောင် ဆိုရမလားပဲ) တခြား Security Feature တွေအနေနဲ့ Find My Mobile, Samsung Pass, Secure Folder နဲ့ Google Play Protect တို့လို Feature တွေကို Security ခေါင်းစဉ်အောက်မှာ တစ်စုတစ်စည်းတည်း တွေ့ရမှာပါ။

Performance & Battery

Exynos 9820 အနေနဲ့ Benchmark ပိုင်းမှာ Snapdragon 855 ကို မယှဉ်နိုင်ပေမယ့် Flagship Level Performance ကိုတော့ သေချာပေါက်ပေးနိုင်တာ အာမခံပါတယ်။ (မြန်မာပြည်ကိုကလည်း SDG Version ဝင်ဖို့ဆိုတာ မမျှော်လင့်ရဲတဲ့အရာဆိုတော့) Benchmark Score တွေမှာသတိထားမိသလောက်တော့ GPU Performance က သိသိသာသာတိုးတက်လာပေမယ့် သူ့ရဲ့ CPU ကတော့ Exynos SOC အတွက် Drawback ဖြစ်လို့နေပါတယ်။ အားသာချက်အနေနဲ့ပြောရရင် Storage ပိုင်းမှာ UFS 3.0 သုံးထားတာကြောင့် Video Editing, Rendering လို ကိစ္စမျိုးတွေမှာ သိသိသာသာ Speed ပိုမြန်တာကို Review Video တွေမှာ မြင်တွေ့ခဲ့ရတယ်။

ဒီတော့ Performance ပိုင်းကို သွားကြတာပေါ့။ 6GB RAM Support နဲ့ S10e ဟာ One UI ရဲ့ RAM Management နဲ့ပေါင်းလိုက်တဲ့အခါမှာ Multi-tasking ကို ကောင်းကောင်းကြီး Handle လုပ်နိုင်နေတယ်။ ပြီးတော့ Gaming ပိုင်းမှာလည်း Exynos 9810 ထက် သိသိသာသာ Smooth ဖြစ်လာတာ တွေ့ရတယ်။ PUBG မှာ HDR, Ultra Setting နဲ့ဆော့ကြည့်တာ အရမ်းကြီးမသိသာတဲ့ Frame Drop တစ်ခါ၊ နှစ်ခါကလွဲရင် လုံးဝ Smooth ပါပဲ။

စိတ်မကောင်းစရာက သူ့ရဲ့ Heat ပါ။ Compact ဖြစ်လွန်းတဲ့ Smartphone တစ်လုံးပေါ်မှာ Heat ကိစ္စက ရှောင်မရနိုင်တာ နားလည်ပေမယ့် Normal Internet Usage မှာဆို ဖုန်းကနွေးနေပြီး၊ Gaming ပိုင်းမှာတော့ အပူကို သိသိသာသာခံစားရတယ်။ Antutu ရဲ့ Temperature Noti မှာကြည့်လိုက်တော့ တက်လာတဲ့ Temperature က Battery ကြောင့်မဟုတ်ပဲ CPU က အဓိကတက်နေတာ တွေ့ရတယ်။ ဖုန်းရဲ့ အပူဆုံးအချိန်ကတော့ Camera Testing လုပ်တဲ့အချိန်တွေပါ။ ဒီတော့ နေပူကြီးထဲမှာ Camera အကြာကြီးရိုက်တာမျိုးတော့ မလုပ်စေချင်။

ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုပေမယ့် နောက်ထပ်အားမရတာက သူ့ရဲ့ Battery Life. Normal Usage နဲ့ Stand-by Time တွေမှာ S10e ကို အပြစ်ပြောစရာမရှိပေမယ့် PUBG ကို 50% Volume & Brightness ထားပြီး Wifi နဲ့ ၁ နာရီဆော့တော့ 33-35% လောက်အထိ ကုန်တာက စိတ်မချမ်းသာစရာ။ သူ့မှာ Fast Charging Support တယ်ဆိုပေမယ့် Unit မှာက ကြိုးရော Adaptor ပါ ပါမလာ။ ဒါပေမယ့် Vivo V15 ရဲ့ Dual Fast Charge Adaptor ကို Mi Type C ကြိုးနဲ့တွဲသုံးတော့ Fast Charging ရတာ ကံကောင်းသွားတယ်။ 0-100% ကို 1:28 hr ကြာတယ်ဆိုတာက အမြန်ကြီးတော့မဟုတ်ပေမယ့် လက်ခံနိုင်တဲ့ အနေအထားတော့ ရှိတယ်။ Wireless Charging Support နဲ့ Wireless PowerShare လို Feature တွေပါတာကတော့ Thumbs up ပါ။

ဒီတော့ S10e ကို Performance ပိုင်းအတွက် စိတ်ချရပေမယ့် အခုလိုရာသီဥတုနဲ့ဆိုရင်တော့ နွေးနွေးထွေးထွေးသုံးရနိုင်သလို Game ဆော့များတဲ့သူတွေအနေနဲ့ သူ့နောင်တော်တွေကို ပိုစဉ်းစားသင့်တယ်လို့ ထင်မိတယ်။

Speaker & Audio & Vibration

ဒီလောက် Size သေးပြီး ဒီလောက် Screen-to-body Ratio များတဲ့ဖုန်းမှာ Dual Stereo Speaker ကို ရအောင်ထည့်ပေးထားတဲ့ Samsung ကို မချီးကျူးပဲမနေနိုင်ပါဘူး။ ပြီးတော့ ပါတဲ့ Stereo Speaker က အဖြစ်သက်သက်မဟုတ်ပဲ အသံပိုင်းမှာ ထင်ထားတာထက် အများကြီးပိုကောင်းနေတာ အံ့သြမိတယ်။ အသံကတော့ ဘယ်၊ ညာ Balance မဖြစ်ပေမယ့် အသံကျယ်တဲ့အပြင် Clarity ကောင်းပြီး Colorful Tone ကိုပေးနိုင်တယ်။ ရုပ်ရှင်ကြည့််၊ ဂိမ်းဆော့တဲ့အချိန်မျိုးတွေမှာ နားကြပ်ထက် ပိုပြီးအားကိုးမိလောက်အောင် သူ့ရဲ့ Speaker က စိတ်ချမ်းသာစေတာအမှန်ပါ။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က 3.5mm Headphone Jack ပါတာဟာ အထူးဆန်းလို့ပြောမရပေမယ့် ဒီဘက်ခေတ်မှာတော့ မဟာအားသာချက်ကြီးဖြစ်လို့နေပါတော့တယ်။ Samsung ကတော့ သူ့ရဲ့ Headphone Jack ကို ဆက်ထိန်းထားတုန်းပါပဲ။ AKG Earphone ဘာညာပါမလာတဲ့အတွက် သူ့ရဲ့ Dolby Atmos ကို Auto ထားပြီး Mi In-ear Pro HD နဲ့စမ်းဖြစ်ခဲ့တယ်။ ရလာတဲ့ Result က Nearly Perfect ပါပဲ။ Volume ကို 60% လောက်ထိ တင်ရတာတစ်ခုကလွဲလို့ပေါ့။ အထူးသဖြင့် ဖုန်းမှာပါလာတဲ့ Over the Horizon ကိုနားထောင်တုန်းက ကြားရတဲ့ Heart Beat အသံက Realistic ဆန်လွန်းနေတာလေးတစ်ချက်ကို ကို ခုထိနားထဲစွဲနေတုန်းပဲ။

Vibration နဲ့ပတ်သက်ပြီး ပြောခဲပေမယ့် S10e ရဲ့ ချီးကျူးစရာအချက်ထဲမှာ Vibration Sense လဲ ပါဝင်လာပါတယ်။ ဗန်းစကားနဲ့ပြောရရင် ညက်တယ်ပေါ့၊ Compact Phone ပေါ်က Vibration ကိုယ်တိုင်ကလည်း Compact ဖြစ်တယ်။ ပိုသဘောကျမိတာက Vibration Pattern နဲ့ Intensity ကို Call, Message စသည်ဖြင့် တစ်ခုစီမှာ စိတ်ကြိုက်ပြောင်းခွင့်ပေးထားတာပါ။ ဒါဟာ အသေးအမွှားလေးတွေကအစ အလေးထားတတ်သူတစ်ယောက်အတွက်တော့ တကယ့် Impression အကြီးစားလို့ပြောလို့ရပါတယ်။ ဒီတော့ အခု Category မှာ Samsung ကို အမှတ်ပြည့်ပေးချင်မိပါတယ်။

(Camera Review မဖတ်ရသေးတဲ့ ပြန်ထည့်ပေးထားပါတယ်။)

Camera

Dual Camera ကိုမှ Ultra-wide ကို Secondary အဖြစ်သုံးထားတဲ့ S10e ရဲ့ Camera Set-up ကြောင့် Portrait အပိုင်းကို စိတ်ပူမိခဲ့ပေမယ့် Samsung ရဲ့ Live Focus က Edge Detection ကောင်းတဲ့အပြင် ရိုက်ပြီးချိန်မှာပါ Blur Level နဲ့ Focus Point ကို ပြန်ချိန်လို့ရတဲ့အချက်ကြောင့် အဆင်ပြေတာတွေ့ရတယ်။

16 MP Wide Lens က လက်ရှိ မှာ Wide အဖြစ်ဆုံးပြောရမလားပဲ။ Aperture ကျဉ်းတာကြောင့် Low Light မှာ သိပ်အဆင်မပြေတာရယ်၊ Fish Eye Effect နဲနဲဝင်တာရယ်ကလွဲရင် နေ့ဘက်တွေမှာ အတော်လေးအဆင်ပြေတယ်။ (Main Camera လောက်တော့ Detail မကောင်းဘူးပေါ့)

S9 Series နဲ့ယှဉ်ရင် Main Camera အနေနဲ့ Hardware ပိုင်းပြောင်းမသွားပေမယ့် Software ပိုင်းက သူ့ရဲ့ f/1.5 Aperture ကို ကောင်းကောင်း Handle လုပ်လာနိုင်တာတွေ့ရတယ်။ ထူးထူးခြားခြား ချီးကျူးချင်တာက သူ့ရဲ့ Scene Optimizer ပါ။ တခြားဖုန်းတွေရဲ့ AI Scene Recognition တွေလို Oversaturate ဖြစ်သွားတာမဟုတ်ပဲ သူ့ Color Science က မျက်စိပသာဒဖြစ်လောက်အောင် Warm ဖြစ်တဲ့ဘက် သွားတယ်။

သူ့မှာ Night Mode သီးသန့်မပါပေမယ့် အရမ်းမှောင်တဲ့နေရာတွေမှာ Scene Detection နဲ့ Aperture ပေါင်းပြီး Exposure ကောင်းတဲ့ပုံတွေ ထုတ်ပေးတယ်။ တစ်ခုသိထားရမှာက Samsung ရဲ့ သုံးနေကျ Aggressive Noise Reduction Algorithm ကြောင့် Low Light Photo တွေမှာ Noise နဲသလောက် Sharpness ကျတာ၊ Detail ပိုင်းမဆိုစလောက် ကျတာလေးတွေရှိပါလိမ့်မယ်။ ဒါကလည်း ရလာတဲ့ Photo Quality နဲ့ချိန်ကြည့်ရင် ပမွှားလေးပါ။ ဒါပေမယ့် Night Mode မပါတာကြောင့် အလင်းများတဲ့နေရာတွေကို လှမ်းရိုက်တဲ့အခါမျိုးမှာ နဲနဲ အလင်းဖွာချင်တာမျိုးတော့ တစ်ခါတစ်လေကြုံရတတ်ပါတယ်။

10MP Selfie Camera အနေနဲ့ အရင်ကထက်တိုးတက်လာတယ်ဆိုပေမယ့် အားရလောက်တဲ့အဆင့်မရောက်သေးပါဘူး။ Beauty Level ဂိတ်ဆုံးချထားချိန်မှာတောင် Effect က ရှိနေတုန်း။ ပြီးတော့ ညာဘက်ထောင့်ကို ကပ်နေတဲ့ Punch Hole ကြောင့် Selfie ဆွဲတဲ့အခါမှာ Display ကို ကြည့်မရတဲ့ ဒုက္ခကလည်း ရှိနေပါတယ်။ Wide Selfie ရိုက်လို့ရတဲ့တစ်ချက်ကတော့ မိုက်ပါတယ်။

Camera Mode တွေမှာအကြိုက်မိဆုံး Feature ကိုပြောပါဆိုရင် Shot Suggestion ကို ထောက်ပြပါရစေ။ Camera စမ်းဖြစ်တဲ့တစ်လျှောက်မှာ On ထားဖြစ်သလို သူ Suggest လုပ်တဲ့ ပုံစံအတော်များများကလည်း ရိုက်ကြည့်တဲ့အခါ တကယ်ကြည့်ကောင်းတဲ့အနေအထားတွေ ဖြစ်နေတာကြောင့်ပါ။ Pro Mode ကတော့ စိတ်အပျက်မိဆုံး Feature ဆိုလဲ မမှားပါဘူး။ f/1.5 Aperture က ISO အနိမ့်ဆုံးအနေအထားမှာတောင် Long Exposure ကစားလို့အဆင်မပြေ။ ဒီတော့ Point & Shoot သမားတွေအတွက် S10e Camera က ပိုသင့်တော်ပါလိမ့်မယ်။

Vlog သမားတွေအတွက်တော့ S10 Series ကို ရဲရဲကြီးညွှန်းချင်ပါတယ်။ ပထမတစ်ချက်က သူ့ရဲ့ Super Steady Mode ကြောင့်ပါ။ ပြေးရင်းရိုက်တဲ့အခြေအနေမျိုးမှာတောင် အတော့်ကိုငြိမ်တယ်။ ပြီးတော့ 4K, 60fps ထိကို EIS က ကောင်းကောင်းအလုပ်လုပ်တယ်။ ဒါပေမယ့် Normal နဲ့ Ultra-Wide ကို Video ရိုက်နေတုန်းပြောင်းချင်ရင်တော့ 4K ရော 1080p မှာပါ 30fps နဲ့မှ အဆင်ပြေပါလိမ့်မယ်။ နောက်ဆုံးအချက်က Selfie Camera မှာပါ 4K ရိုက်လို့ရတာပါ။ ပြီးတော့ Audio Recording Quality ကလည်း အတော့်ကိုကောင်းတယ်။

ဆိုတော့ကာ ပြောတာလည်း အတော်စုံ၊ အတော်များသွားပြီမို့ အဆုံးသတ်ပါတော့မယ်။ Samsung Galaxy S10e က Compact Flagship ဖုန်းတွေကို မျှော်နေသူတွေအတွက် တကယ့်ရွှေပါ။ S10 Series ရဲ့ အနိမ့်ဆုံးဆိုပေမယ့် Compromise လုပ်တဲ့အချက် အရမ်းနည်းသလို Water Resistance, Stereo Speakers လို Hardware ပိုင်းတွေကို မမေ့မလျော့ထည့်ပေးထားတာ ချီးကျူးစရာပါ။ ဒီတော့ ဆယ်သိန်းအထက်သုံးမယ်၊ Compact Phone Crazy ဖြစ်မယ်၊ ဂိမ်းအဆော့နည်း၊ ဒါမှမဟုတ် ဂိမ်းဆော့လို့ Battery အကုန်မြန်တာ လက်ခံနိုင်တယ်ဆိုရင် S10e ကဈေးနှုန်းပိုင်းမှာရော Performance ပိုင်းမှာပါ အရွေးချယ်သင့်ဆုံးဖုန်းတစ်လုံး ဖြစ်နေမှာပါ။