fbpx

This is digital planet.

SonyTech News

2020 အတွက် အဖွင့်လှခဲ့ပေမယ့် ရောင်းအား မလှမပ ဖြစ်နေတဲ့ Sony Mobile

Sony Mobile ကိုတော့ Black Sheep of the Family လို့ပဲ သုံးနှုန်းရင်ကောင်းမလား? 2020 မှာ သူသူငါငါ နှစ်သက် သဘောကျနေတဲ့ Xperia 1 II ၊ 10 II တို့ မိတ်ဆက်ခဲ့ပေမယ့် Q1 (ဇန္နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) ထုတ်ပြန်ချက်အရ ဖုန်းအလုံးရေ ၄ သိန်း ကျော်သာ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီပမာဏက ၂ နှစ်တာ ကာလအတွင်းမှာ အဆိုးရွားဆုံး အခြေနေဖြစ်ပြီး Sony အနေနဲ့လည်း ဇွန်လအတွင်း ရောင်းချသွားမယ့် 1 II ၊ 10 II တို့ကို အားထားနေဟန် ရှိပါတယ်။ 2019 ရဲ့ Q1 ရလာဒ်နဲ့ယှဥ်ရင် 64% ထိုးဆင်းခဲ့တာ ဖြစ်သလို ဒီကနှစ်ကာလတွေက ဗိုင်းရပ်စ် ပျံ့ပွားမှုနဲ့လည်း ဆက်စပ်နေတာပါ။

Sony Mobile Fiscal Year Result

Quarterly Result (Image: GSMArena)

သို့ပေမယ့် Sony အတွက်တော့ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်သလို ရေရှည်ရပ်တည်နိုင်ဖို့ အခက်ခဲတရပ် ဖြစ်လာခဲ့တာပါ။ ကုမ္ပဏီအဆိုရ 2019 တစ်နှစ်လုံး စမတ်ဖုန်း အလုံးရေး ၃.၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် 2018 ရဲ့ ၆.၅ သန်းနဲ့ ယှဥ်ရင်တော့ ထက်ဝက်လောက် နည်းနေခဲ့တာပါ။

Sony Mobile is Losing Ground

Quarterly ထုတ်ပြန်ချက် ဇယားအရဆိုရင်လည်း စမတ်ဖုန်းရောင်းအားဟာ 2017 လွန်တဲ့နောက်ပိုင်း တအိအိနဲ့ ထိုးဆင်းနေတာပါ။ နှစ်အလိုက် ထုတ်ပြန်ထားတဲ့ ဇယား ကြည့်လိုက်ရင် ၃ နှစ်တာ ကာလလုံး တစိုက်စိုက်မတ် ထိုးဆင်းနေတာ မြင်ရမှာဖြစ်ပြီး Quarterly ရလာဒ်ကတော့ နိမ့်လိုက်၊ မြင့်လိုက်နဲ့ လုံးဝကို မလှမပပါဘူး။

Sony Mobile Fiscal Year Result

Yearly Result (Image: GSMArena)

ဒီလို မငြိမ်မသက် ဖြစ်နေတဲ့ သဘောက မတည်ငြိမ်တာကို ဖော်ပြနေသလို ကျွမ်းကျင်သူတွေ သတ်မှတ်ထားတဲ့ ဇယားအတိုင်းလည်း ဖြစ်မနေပါဘူး။ ဒီလို Mobile မှာ Negative လုံးလုံးဖြစ်နေပေမယ့် Entertainment အပိုင်းမှာ အခြေနေကောင်းတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

A New Hope

2020 မှာ COVID-19 ဖြစ်လို့ တကမ္ဘာလုံးနီးပါး Lockdown မိနေစဥ် အပျင်းဖြေဖို့ စဥ်းစားကြတယ် ထင်ပါတယ်။ Sony အနေနဲ့ Q1 မှာ PlayStation 4 အလုံးရေ ၁.၅ သန်း ရောင်းချနိုင်ခဲ့တယ် ကြေညာထားလို့ ကုမ္ပဏီအတွက် ပဲ့နေတဲ့ ငွေကြေးတချို့ ပြန်ဖာတေးပေးနိုင်ခဲ့တယ် သုံးသပ်ရမှာပါ။

A new PS5 Logo

Image: Engadget

အခုဆိုရင် PS4 အလုံးရေ သန်း ၁၁၀ ကျော် ရောင်းချနိုင်ခဲ့ပြီလို့ PS5 ထွက်မလာခင် အချိန်ထိ တောင့်ခံထားနိုင်တယ် (သို့) အောင်မြင်တယ် ပြောရမှာပါ။

မနေ့တုန်းကလည်း Epic Games ကနေ Unreal Engine 5 သုံးထားတဲ့ Gameplay Demo ၅ မိနစ်စာကို PS5 နဲ့ စမ်းပြသွားတဲ့အတွက် ဘယ်လိုပဲပြောပြော အရှိန်ကတော့ ကောင်းနေပါပြီ။

ဒီဂွင်ကို ကောင်းကောင်း သိထားတဲ့ Sony အနေနဲ့လည်း 2021 မှာ ထွက်ရှိလာမယ့် Xbox Series X ထက် နောက်မကျစေရဘဲ ထုတ်လုပ်သွားမယ်လို့ ကြေညာထားပါတယ်။

စမတ်ဖုန်းကဏ္ဍမှာတော့ 1 II နဲ့ 10 II တို့ကပဲ အဖတ်ဆယ်ပေးနိုင်မလား ဒါမှမဟုတ် မှိုလိုပေါက်နေတဲ့ တရုတ်ဖုန်းတွေကြား လုံးပါးပါးသွားမလားဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

Source: GSMArena 12