fbpx

This is digital planet.

Articles

အရှုံးပေါ်နေပေမယ့် ကမ္ဘာ့ပထမဆုံး Xperia နည်းပညာတွေနဲ့ Sony ဦးမော့နေဆဲပါပဲ

Black sheep of the Family အသုံးနှုန်းလို ဝင်ငွေအနှုတ်ပြနေတာ Sony Mobile ပါ။ တစ်ခေတ်ဆန်း နည်းပညာတွေနဲ့ Sony ဖုန်းတွေဟာ တစ်မျိုးတဖုံ ဆွဲဆောင်မှုရှိတာ မှန်ပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဝယ်ဖို့ မလွယ်ပါဘူး။

နိုင်ငံတကာ စျေးကွက်မှာလည်း အရောင်းသွက်နေတဲ့ Xiaomi ၊ realme နဲ့ OPPO ၊ Vivo ဖုန်းတွေကြောင့် တိုးဖို့ခက်လာတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက Android ကို မွေးဖွားနေတဲ့အချိန် Sony ဖုန်းတွေဟာ Samsung ၊ HTC တို့နဲ့အပြိုင် ပရိသတ် အားပေးမှုကို အခိုင်မာရခဲ့တယ်။

Xperia Z

Sony Xperia Z (2013) [Image Credit: Android Authority]

အဲ့ချိန်တုန်းကဆိုရင် တန်ဖိုးအားဖြင့် ပိုသက်သာသလို Sony နည်းပညာတွေဖြစ်တဲ့ Bravia Engine ၊ Triluminous Display နဲ့ ပိုကောင်းတဲ့ ကင်မရာတွေကြောင့် စမတ်ဖုန်းတွေဟာ အခုလို Powerful ဖြစ်မလာခင်မှာ Features စုံလင်တဲ့အတွက် အမာခံ ပရိသတ်တွေ ရှိနှင့်ပြီးသားပါ။

Sony အနေနဲ့ စီးရီးတစ်ခုပြီး တစ်ခု ထုတ်ခဲ့ပေမယ့် စာဖတ်သူတွေ သိနေတဲ့အတိုင်း ရွေးချယ်စရာ များလွန်းတဲ့ Budget ၊ Mid-range ဖုန်းတွေအကြား Xperia ဖုန်းတွေကို လျစ်လျူရှုလာတယ်။ ဒီဇိုင်း ၊ တန်ဖိုးနဲ့ ကင်မရာ လုပ်ဆောင်ချက်တွေကြောင့် ဒုတိယ ၊ တတိယနေရာမှာ ရွေးချယ်ဖို့ ဆုံးဖြတ်ချင်ကြပေမယ့် သင့်တော်တဲ့ဖုန်းတွေဆီ ရောက်သွားကြတယ်။

Xperia XZ3

Sony Xperia XZ3 (2018) [Image Credit: Future CDN]

ဘယ်လိုပဲ အရှုံးပေါ်နေပါစေ၊ Sony ကတော့ Sony ပါပဲ။ အမာခံ ပရိသတ်တွေအတွက် ဖုန်းကောင်းထုတ်နေစမြဲဖြစ်သလို ၂၀၁၉ စတုတ္ထသုံးလပတ် (အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ) လအတွက် အလုံးရေ ၁.၃ သန်း ရောင်းချခဲ့ရတယ်လို့ ကြေညာလိုက်ပါတယ်။

ပြောရရင်တော့ Mate 30 Pro တစ်လုံးထဲ ၁၂ သန်း ကျော် ရောင်းချခဲ့ရတဲ့အချိန်မှာ ၁.၃ သန်း ဆိုတဲ့ ပမာဏက အင်မတန် ကွာပါတယ်။ ဒါပေမယ့်လည်း Sony အတွက် ၂ ဆ ပိုမိုရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

Xperia XZ3

Sony Xperia XZ3 (Image Credit: Future CDN)

တန်ဖိုးအားဖြင့် ဖော်ပြရမယ်ဆိုရင်တော့ ဝင်ငွေ ဒေါ်လာ ၂.၇၅ ဘီလီယံ ရရှိခဲ့တာဖြစ်ပြီး ၂၀၁၈ စတုတ္ထသုံးလပတ်ရဲ့ ဝင်ငွေ ဒေါ်လာ ၃.၄၆ ဘီလီယံထက် နည်းခဲ့တယ်လို့ Sony ရဲ့ Finicial Report နဲ့ Reuters သတင်းဌာန ဖော်ပြချက်တွေအရ သိရပါတယ်။

ဒါကြောင့် တစ်နှစ်ထက်တစ်နှစ် မိုဘိုင်းလုပ်ငန်းစုကနေ အရှုံးပေါ်တာက ပိုများလာနေတယ်။ Sony အနေနဲ့လည်း ရပ်တည်ဖို့ အကြောင်းပြချက်ဖြစ်နေတာက Camera Sensors တွေနဲ့ PlayStation ၊ Display လုပ်ငန်းတွေ အောင်မြင်နေတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

Xperia 1

Sony Xperia 1 (Image Credit: Android Pit)

တစ်ခုပဲပြောစရာရှိမှာက Sony ဒိထက်ပိုပြီး စွမ်းဆောင်နိုင်ဦးမလား? Xiaomi ၊ OPPO နဲ့ Vivo တို့ ဖြစ်မလာသေးခင် ကာလတုန်းကလို ပြန်ဦးဆောင်နိုင်ဦးမလားဆိုတာကို Sony ကိုယ်တိုင် ထုတ်ကြွားလိုက်တဲ့ Infograph လေးကို ဖော်ပြလိုက်ပါတယ်။

ပထမဆုံး ရေစိုခံစမတ်ဖုန်း (Xperia Z)

ပထမဆုံး 4k Display စမတ်ဖုန်း (Xperia Z5 Premium)

ပထမဆုံး GPS ပါတဲ့ Smartwatch (Smartwatch 3)

ပထမဆုံး 4K HDR Display ၊ Gigabit-class Download Speed နဲ့ Super Slow Motion ဗီဒီယို (Xperia XZ Premium)

ပထမဆုံး Real Time 360 Camera (Xperia XZ1)

ပထမဆုံး 4K HDR ရိုက်ကူးနိုင်တဲ့ဖုန်း (Xperia XZ2)

ပထမဆုံး 4K OLED Display နဲ့ Eye Auto Focus စမတ်ဖုန်း (Xperia 1)

ဒီနည်းပညာတွေ ကြည့်လိုက်ရင် Premium ဖက်သွားတာ ထင်ရှားပါတယ်။ အဖက်ဖက်က ပြည့်စုံအောင် ဖန်တီးထားပေမယ့် ခေတ်ကိုက Price to Performance ဖြစ်နေတော့ Sony ရဲ့ သဘောကိုက ဘာဖြစ်နေမလဲဆိုတာ စာဖတ်သူတွေလည်း သဘောပေါက်မယ် ထင်ပါတယ်။

Source: GSMArenaNewdesk via GSMArena ၊ Sony MobileReuters