fbpx

This is digital planet.

ReviewsXiaomi

Xiaomi Mi 9 Review: Flying Colors

ဒီ Nickname လေးကို Mi 9 အတွက်ပေးရတဲ့အကြောင်းရင်းက သူ့ရဲ့ အဓိပ္ပါယ်နှစ်မျိုးသက်ရောက်မှုကြောင့်ဆို ပိုမှန်လိမ့်မယ်။ Flying Colors ကို တွဲပြီးဘာသာပြန်ရင် ‘ဂုဏ်ထူး’ လို့ အဓိပ္ပါယ်ရတယ်။ ဆိုလိုတာက Mi 9 ဟာ High End Smartphone တစ်လုံးမှာရှိသင့်တဲ့ နေရာအတော်များများမှာ သတ်မှတ်တဲ့စံနှုန်းတွေပြည့်မှီတဲ့ ဖုန်းတစ်လုံးဖြစ်နေတယ်။ ဒီနာမည်ကိုပဲ ခွဲဘာသာပြန်ရင်တော့ `ပျံသန်းနေသော ရောင်စဉ်များ’ ပေါ့။ ဒီအချက်က Mi 9 ရဲ့ တိုးတက်လာတဲ့ Design, Color ပိုင်းကို ကိုယ်စားပြုနေပြန်တယ်။ ဆိုတော့ကာ ဈေးတွေလဲ တန်တယ်ဆိုတာထက်ပိုတဲ့ ပမာဏတစ်ခုကိုကျလာ၊ Transparent Edition ကလဲ ရောက်နေပြီဆိုတော့ Mi 9 ရဲ့ အဆိုး၊ အကောင်း Experience ကို သိထားချင်သူတွေအတွက် ဒီ Review က အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

Design & Structure

Xiaomi ရဲ့ Mi 8 Series နဲ့ပတ်သက်ပြီး Smartphone Fan တွေအတွက် ပြောစရာတစ်ခုလိုဖြစ်ခဲ့ရတဲ့ အချက်တစ်ချက်ရှိနေခဲ့တယ်။ အဲဒါက သူ့ရဲ့ iPhone နဲ့တူနေတဲ့ Camera နဲ့ Notch Design. ဒါပေမယ့် Mi 9 မှာတော့ သူ့ရဲ့ Design ဟာ Flagship Level တန်းမှာတောင် လက်မထောင်နိုင်တဲ့ အနေအထားတစ်ခုကို ပြန်ရောက်လာခဲ့ပြီ။ ဒါကလည်း Mi 6 ရဲ့ Design ပိုင်းကို ဦးဆောင်ခဲ့တဲ့ Designer ရဲ့ကျေးဇူးကြောင့်လို့ ဆိုရမှာပဲ။ ရုတ်တရက်ကြည့်ရင် Mi 9 ရဲ့ General Design Language က မနှစ်ကနဲ့ အရမ်းမကွာဘူးလို့ထင်ကောင်းထင်နိုင်ပေမယ့် ကိုယ်တိုင်ကိုင်ကြည့်တဲ့အခါမှာ သိသာထင်ရှားတဲ့ Minor Changes တွေကို တွေ့လာခဲ့ရတယ်။

ပထမတစ်ချက်က သူ့ရဲ့ကျောဘက် Design. Mi Note ကနေစတင်ခဲ့တဲ့ ဘေးနှစ်ဖက်အခုံး Design ဟာ Mi 9 မှာ အလှပဆုံးအနေအထားကိုရောက်လာပြီ။ Four-sided Curvature ကိုမှ Frame တွေကို ခပ်သေးသေးဖြစ်အောင် လုပ်ပေးထားလို့ လက်ထဲကိုင်ကြည့်တဲ့အခါမှာ တကယ့်ခပ်ပါးပါးဖုန်းတစ်လုံးကို သုံးရတယ်ဆိုတဲ့ Feeling မျိုး တန်းရတယ်။ ဒုတိယအချက်က သူ့ရဲ့ Color ရွေးချယ်မှု။ Mi 8 တုန်းက ထင်သလောက်မလှဘူးခံစားရတဲ့ အဖြူရောင်ကိုဖြုတ်ပြီး Mi 5 တုန်းကသုံးခဲ့တဲ့ Lavendar Violet Color ကို Modify လုပ်ပြီးပြန်သုံးလာတယ်။

တတိယအချက်က သူ့ရဲ့ Holographic Gradient Color ပါ။ အပြာနဲ့ခရမ်း နှစ်ရောင်မှာထည့်ပေးထားတဲ့ ဒီ Color Effect က အလင်းဟပ်လိုက်တိုင်းမှာ ဖုန်းတစ်ခုလုံးကို Bling Bling ဖြစ်စေလောက်အောင် လှရက်လွန်းတယ်။ ဒါ့အပြင် ဖုန်းကို ဒေါင်လိုက်အနေအထား အပေါ်၊အောက် ကစားကြည့်တဲ့အခါ သူတို့ကြေငြာခဲ့တဲ့အတိုင်း S-shaped Reflection ဖြစ်အောင် ဖန်တီးထားတာ တွေ့ရတယ်။ နောက်ဆုံးတစ်ချက်က သူ့ရဲ့ အပေါ်ဆုံး Camera ပတ်လည်မှာ ထည့်ပေးထားတဲ့ Gradient Ring လေးပါ။ ဒီအချက်လေးတွေက Minor Changes လေးတွေဆိုပေမယ့် ဖုန်းပိုင်ရှင်ကို ဖုန်းအကြောင်းသိတဲ့ ဘေးလူကကြည့်လိုက်တာနဲ့ ဒီလူဟာ Mi 9 ကိုင်ထားပါလားဆိုတာကို နှစ်ခါကြည့်စရာမလိုပဲ ကွဲထွက်နေစေတာမို့ ခုလို Design ပိုင်းချဉ်းကပ်မှုအပေါ် Designer ကို တကယ်ချီးကျူးမိပါတယ်။

Built Material အနေနဲ့ Glass Sandwich ကို Aluminium Frame နဲ့ ညှပ်သုံးထားတယ်။ ရှေ့မျက်နှာပြင်မှာ Gorilla Glass 6 သုံးပြီး ကျောဘက်ကတော့ Gorilla Glass 5 ပါ။ Frame ကို ကျောဘက် Color နဲ့တစ်သားတည်းဖြစ်အောင် Glossy Finish သုံးပေးထားပြီး ဖုန်းကိုယ်ထည်က ပါးလွှာတဲ့အတွက် Camera Bump က အတော်လေးထွက်နေပေမယ့် Camera Glass ကိုတော့ iPhone တွေမှာလို Sapphire Glass နဲ့ အုပ်ပေးထားလို့ တော်ရုံအပွန်းအစင်းတော့ စိတ်ချရမှာပါ။ Hands on Feeling အနေနဲ့ တခြားဖုန်းတွေနဲ့ယှဉ်ကိုင်ရင် အတော်ပေါ့ပြီး အတော်ပါးတယ်ဆိုတဲ့ ခံစားချက်မျိုး အပြည့်အဝရပါလိမ့်မယ်။

Mi 8 တုန်းက မပါခဲ့တဲ့ IR Blaster သူ့မှာပြန်ပါလာတယ်။ Button အနေနဲ့ ဖုန်းရဲ့ဘယ်ဘက်မှာ AI Assistance Button တစ်ခုပိုပါလာတယ်။ Button Feedback တွေကလဲ Clicky ဖြစ်တယ်။ ဖုန်းရဲ့အောက်ဘက်မှာတော့ USB Type-C, Mic & Speaker ပါတယ်။ ဒီတော့ Design & Structure နဲ့ပတ်သက်ပြီးတော့ Mi 9 မှာ ဆယ်သိန်းအထက် Flagship Level တွေနဲ့ယှဉ်မယ်ဆိုရင်တောင် မျက်နှာငယ်စရာတစ်ချက်မှမရှိတာတော့ သေချာပါတယ်။ (Transparent Edition ကတော့ ခုထက်သေချာပေါက်ပိုလှမှာပါ၊ Holographic Color မကြိုက်သူတွေကတော့ Piano Black Color ကို ပိုရွေးသင့်ပါတယ်။)

Display

Mi 9 မှာ Waterdrop Notch ကို သုံးထားပြီး OnePlus မှာလို Notch Style ကိုပြေပြစ်အောင် Software နဲ့ ပြင်ခွင့်ပေးထားတယ်ဆိုတော့ Notch အကြီးကြီးတွေဆို Allergic ဖြစ်တတ်သူတွေအတွက် ဝမ်းသာစရာပါ။ အောက်ဘက် Chin ကလဲ အတော့်ကို ပါးသွားပြီ။ ဒါ့အပြင် Noti Light ကို အပေါ်ဘောင် Earpiece ရဲ့ ညာဘက်ဘေးမှာထည့်ပေးထားတာက Charging သွင်း၊ Noti Alert စတဲ့အချိန်တွေမှာ အတော်လေးအဆင်ပြေတယ်လို့ ခံစားမိတယ်။

Display အနေနဲ့ Mi 9 မှာ 6.39” Super AMOLED Display ကိုမှ Full HD+ Resolution နဲ့ သုံးပေးထားတယ်။ ဒီနေရာမှာပြောစရာတစ်ခုရှိပါတယ်။ သူ့ရဲ့ Display Panel က ဘေးဘောင်တွေလောက် Black မဖြစ်ဘူး။ ဒါကလည်း Mi 9 မှ မဟုတ်ဘူး၊ ဘယ် Display ကမှ လုံးဝအနက်ဆုံး Level ကိုမရောက်တာပါ။ ဒီတော့ နေရောင်အောက်၊ Outdoor မှာသုံးတဲ့အခါမျိုးမှာ Display ပေါ်က Black Color က ဘေးဘောင်တွေပေါ်က အနက်နဲ့ယှဉ်ကြည့်ရင် အနက်မဆန်ဘူးလို့ သေချာပေါက်ခံစားရပါလိမ့်မယ်။ ဆိုလိုတာက ဒါဟာ Display ရဲ့ Panel Quality နဲ့မဆိုင်ပဲ Display တွေရဲ့ဖြစ်ရိုးဖြစ်စဉ်တစ်ခုဆိုတာ ရှင်းပြချင်တဲ့သဘောပါ။

ဒီတော့ Quality ပိုင်းကို ဆက်သွားတာပေါ့။ Mi 9 ရဲ့ Display က အတော့်ကို Color Accurate ဖြစ်တဲ့ Display လို့ပြောလို့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် AMOLED ပေါ်မှာ ခပ်စိုစို Color တွေကိုအရသာခံနေကျသူတစ်ယောက်ကို သူ့ရဲ့ Standard Mode နဲ့ သုံးခိုင်းလိုက်ရင် စိတ်ပျက်သွားလောက်အောင်ကို Accurate ဖြစ်တာပါ။ သာမန် User တစ်ယောက်အတွက်ဆိုရင်တော့ Auto Contrast က ပိုပြီးအဆင်ပြေပါလိမ့်မယ်။ နောက်ပြီး HDR Support လဲ ပေးတော့ HDR Video တွေကြည့်ရင် အတော်အရသာရှိသဗျ။ Notch အထိ Screen အပြည့်နဲ့ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ချင်သူတွေတွက်လဲ Setting မှာ Customize လုပ်ခွင့်ပေးထားတာတွေ့ရတယ်။

Display နဲ့ပတ်သက်ပြီး တစ်ချက်တစ်လေစိတ်အနှောင့်အယှက်ဖြစ်ရတာဆိုလို့ Chin ခပ်ထူထူကနေ ပြောင်းသုံးတဲ့သူတစ်ယောက်အတွက် Keyboard က အောက်ဘက်နဲနဲပိုရောက်သွားလို့ အစပိုင်းစာရိုက်တဲ့အခါ အကျင့်လုပ်ယူရတာ၊ ပြီးတော့ Messenger မှာ Like နေရာကိုဖိတဲ့အခါ အောက်ဘောင်နဲ့မှားနှိပ်လို့ လက်မ တက်မလာတာ စတဲ့ Minor Case လေးတွေ ရှိခဲ့တာကလွဲရင် Quad HD+ ဘာညာဖြစ်နေမှ၊ Notch လုံးဝမပါမှ စသည်ဖြင့် အစွဲမရှိသူအတွက်တော့ Mi 9 Display ကို သေချာပေါက်သဘောကျပါလိမ့်မယ်။

Security

Xiaomi Mi 9 မှာ သုံးထားတာက Optical Type In-Display Fingerprint Scanner ပါ။ ဒီတော့ ရေစို၊ ဆီစိုတဲ့လက်နဲ့တော့ Scan လုပ်လို့ရမှာမဟုတ်ဘူး။ ပြီးတော့ Scan လုပ်တဲ့အခါ ခဏတော့ လက်ကိုဖိပေးထားရတယ်။ ဒါပေမယ့် Unlock Speed ကတော့ တော်တော်လေးမြန်တယ်။ ဒါ့အပြင် Fingerprint Animation ၄ မျိုးထည့်ပေးထားတာ၊ အလင်းအခြေအနေပေါ်မူတည်ပြီး Fingerprint Brightness ကို Adjust လုပ်ပေးတာ အဲဒီနှစ်ချက်ကတော့ အတော်လေးမိုက်တယ်။ Selfie Camera သုံးတဲ့ Face Unlock ကိုတော့ အထွေအထူးမပြောတော့ဘူး။ Password ထည့်တဲ့နေရာမှာ Pin ကို ၁၆ လုံးထိ သုံးခွင့်ပေးတာက ပိုပြီး Secure ဖြစ်တယ်လို့ ခံစားမိတဲ့အချက်ပါ။

System

MIUI နဲ့ပတ်သက်ပြီး အတွေးအမျိုးမျိုးရှိကြပေမယ့် ကိုယ်ပိုင်အမြင်အရတော့ လက်ရှိချိန်ထိ အကြိုက်ဆုံး UI ဖြစ်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ လိုအပ်တဲ့ Feature အားလုံးနီးနီးကို ရနိုင်တဲ့ UI ဖြစ်နေလို့ပါ။ Mi 9 စသုံးရင်း သတိထားမိတဲ့အချက်က Gesture Animation တွေမှာ အရင်လို တစ်ချက်တစ်ချက် ထစ်တာမျိုးမရှိတော့ဘူး။ ကိုယ့်အကြိုက်ဆုံး Swipe လုပ်တဲ့ Style မို့ Navigation Button ထက် Gesture ကို ပိုသုံးဖြစ်တယ်။

Mi 9 ရဲ့ MIUI မှာ အဓိကပြောင်းလဲမှုကတော့ Dark Mode လို့ ဆိုရမှာပေါ့။ အတော်လေး System-wide ဖြစ်တယ်။ တခြား UI တစ်ချို့မှာလို အနက်ရောင်က ခပ်ဖျော့ဖျော့မဟုတ်ပဲ AMOLED သမားတွေအတွက် လုံးဝ True Black ဖြစ်တယ်။ နောက်တစ်ချက်အနေနဲ့ Ambient Display လို့နာမည်ပေးထားတဲ့ Always on Display မှာ Theme အသစ်လေးတွေ ပိုပါလာတဲ့အပြင် Date, Time, Battery Percentage နဲ့ Noti တွေ စုံစုံလင်လင်ပါလာပြီဆိုတော့ AOD Fan တွေအတွက်တော့ မိုက်တယ်ပြောလို့ရတယ်။

အားအရဆုံးအချက်က လက်ရှိသုံးနေတဲ့ China Stable Rom မှာ Google Service Framework တစ်ခါတည်းပါလာတာပါ။ ဒီတော့ အရင်လို Google Service ကို အစအဆုံးသွင်းစရာမလိုပဲ Playstore Apk လေး Browser ကနေ ရှာ Down ပြီး သုံးရုံပါပဲ။ Chinese Bloatware တွေကိုလဲ အကုန်နီးနီးဖျက်ပစ်လို့ရသလို ဖျက်ရလွယ်အောင် File တစ်ခုထဲနဲ့ တစ်စုတစ်စည်းတည်း လုပ်ပေးထားတယ်။ (ဖျက်ချင်တဲ့ Apk တွေကို Select လုပ်ပြီး တစ်ခါတည်းနဲ့ Uninstall လုပ်လို့ရတာကတော့ MIUI Fan တွေ သိပြီးသားဖြစ်ပါလိမ့်မယ်။) နောက်ပြီး App Drawer နဲ့မှ သုံးချင်သပဆိုသူတွေအတွက် Xiaomi ရဲ့ Poco Launcher ကို ပြောင်းသုံးကြည့်ဖို့ အကြံပေးပါရစေ။

အကောင်းကြီးပဲပြောဖြစ်နေတော့ MIUI မှာ ပိုကောင်းစေချင်သေးတဲ့ လိုအပ်ချက်လေးတွေ ထည့်ပြောပါ့မယ်။ Dark Mode ကို Meizu မှာလို Apk တိုင်း(Facebook, Playstore) မှာ Support ပေးစေချင်တယ်။ Setting နဲ့ပတ်သက်ပြီး ဒီထက်ပို ရှင်းရှင်းလင်းလင်း လုပ်ပေးစေချင်တယ်။ Global ROM မှာ AI Button ကို Google Assistance ပြောင်းခွင့်ပေးသလို China ROM မှာလဲ စိတ်ကြိုက်ရွေးချယ်ခွင့်ရရင် ပိုကောင်းမယ်။ (ခုဟာက AI Button နေရာမှာ တရုတ်လိုတွေချည်း၊ Xiao AI လေးကိုလဲ Global Version Release လုပ်ပေးရင် သိပ်ကောင်းမှာ) နောက်ဆုံးတစ်ချက်က RAM Management ကို ပိုဂရုစိုက်စေချင်တယ်။

MIUI Optimization က Auto အလုပ်လုပ်တဲ့အတွက် တစ်ခါတစ်လေမှာ မသုံးတာကြာတဲ့ Apk တွေကို Kill ပစ်တာမျိုးထက် ပိုကောင်းမယ့်နည်းလမ်းမျိုးဆို ပိုကောင်းမယ်ထင်မိ။ ဒီတော့ MIUI 11 နဲ့အတူ ပိုကောင်းတဲ့ User Experience တစ်ခုကိုစောင့်မျှော်မိသလို လက်ရှိ MIUI 10 ကိုလဲ Mi 9 ပေါ်မှာ ထွေထွေထူးထူး အပြစ်ပြောစရာမရှိပါ။

Sound & Vibration

Speaker ကနေ စကြတာပေါ့။ Mi 8 တုန်းက အားမရခဲ့တဲ့အထဲ သူ့ရဲ့ Speaker ပါကြောင်း Review မှာပြောခဲ့တယ်။ Mi 9 မှာတော့ အဲဒီအချက်ကို Xiaomi အနေနဲ့ ကောင်းကောင်းပြင်နိုင်ခဲ့တယ်ဆိုရမှာပါ။ Single Speaker ကိုပဲ သုံးထားတယ်ဆိုပေမယ့် အသံထွက်တော်တော်ကောင်းတယ်။ Volume အမြင့်ဆုံးမှာ Distortion နဲ့ Clarity ပိုင်းနဲနဲလျော့တာကလွဲရင် အသံထွက်ကျယ်တယ်၊ Sound Stage တွေပေါ်တယ်။ ဆိုတော့ Quality ပိုင်းမှာ လုံးဝ Flagship Level မဟုတ်ရင်တောင် နားကြပ်မတပ်ပဲ ဒီအတိုင်း ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ဖို့ သုံးပျော်တယ်လို့ ခံစားမိတယ်။

သူ့မှာ Headphone Jack မပါတော့လို့ နားကြပ်အတွက် Type C Adaptor ကိုသုံးရမှာပါ။ ဒါပေမယ့် Sound Quality ပိုင်းမှာတော့ မျက်နှာငယ်စရာတစ်ကွက်မှမရှိဘူး။ Mi In-Ear Pro HD နားကြပ်နဲ့ တွဲစမ်းကြည့်တဲ့အခါ Mi Sound Enhancer လေး On ပေးရုံနဲ့ ဘက်စုံကောင်းတဲ့ Quality ကို ခံစားနိုင်မှာပါ။ ဒီတော့ ဘာကောင်းတယ်၊ ညာကောင်းတယ် အသေးစိတ်မသွားတော့ပဲ Mi 9 ကို Audio ပိုင်းအတွက် စိတ်ချလက်ချရွေးပါလို့ ညွှန်းချင်တယ်။

Vibration Feedback နဲ့ပတ်သက်ရင် ပထမဆုံးရေးဖြစ်ခဲ့တဲ့ Mi Note 3 Review မှာ သေချာစစမ်းဖြစ်ခဲ့ပေမယ့် လူသိပ်စိတ်မဝင်စားဘူးယူဆလို့ နောက်ပိုင်းရံဖန်ရံခါပဲ ထည့်ရေးဖြစ်တယ်။ ဒါတွေထားပါလေ။ ဆိုလိုချင်တာက Vibration ပိုင်းမှာ Mi 9 က ကိုယ်လိုချင်တဲ့ Feedback မျိုးကို တစ်သားတည်းထုတ်ပေးနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်လာခဲ့တယ်။ Phone Vibrate ဖြစ်တဲ့အခါ Display ပေါ်မှာရတဲ့ Sensation, ဖုန်းလာတဲ့အချိန်၊ ဖုန်းခေါ်လို့ ဟိုဘက်ကကိုင်လိုက်ရင် နားကနေ ကြားလိုက်ရတဲ့ Resonance ဆန်တဲ့တုန်ခါမှုမျိုးက Detail လေးတွေလိုက်သတိထားတတ်သူတစ်ယောက်အတွက်ဆိုရင် တကယ့်စိတ်ကျေနပ်စရာအချက်တစ်ခု ဖြစ်နေပါလိမ့်မယ်။

Performance & Battery

Mi 9 ဟာ Snapdragon 855 SOC ကို အစောဆုံးသုံးတဲ့ဖုန်းတစ်လုံးဖြစ်ခဲ့သလို မြန်မာပြည်ဈေးကွက်ထဲမှာလဲ SDG 855 သုံးတဲ့ ဈေးအသက်သာဆုံး High-end ဖုန်းတစ်လုံးဖြစ်နေပြန်တယ်။ ဒီတော့ Performance အပိုင်းကို အထွေအထူးပြောစရာလိုမယ်မထင်။ ဒီရာသီဥတုမှာ ခပ်ပါးပါးဖုန်းတစ်လုံးရဲ့ Temperature ကို စမ်းရတာကတော့ အတော်တိုင်ပတ်တဲ့ကိစ္စ။ ဒီတော့အလွယ်ပြောရင် Gaming နဲ့ Charging အချိန်တွေမှာ ဖုန်းက အပြင်အပူချိန်ထက် 7 Degree လောက်ထိ ပိုတက်တယ်။ အထူးသဖြင့် ဖုန်းရဲ့အပေါ်ဘက်နဲ့ Metal Frame မှာ အပူကို ပိုခံစားမိတယ်။ ဒါပေမယ့် အားရတာက သူ့ရဲ့ Cooling ပိုင်း။ Game ဆော့ပြီးရပ်လိုက်တာနဲ့ ၁မိနစ်လောက်အတွင်းမှာ အပူကသိသိသာသာ ထိုးကျသွားတဲ့ အချက်ကိုတော့ Thumbs up ပါ။

3300 mAh Battery သုံးထားတဲ့ဖုန်းတစ်လုံးအနေနဲ့ 6.4” Display နဲ့ SDG 855 ကို ထမ်းရတဲ့ Mi 9 ရဲ့ Battery Life ကို အရမ်းခံတယ်ဘာညာတော့မဆိုချင်။ ဒါပေမယ့် 50% Volume နဲ့ Brightness မှာ
720p Video 1hr ကို 6%
Youtube 1hr ကို 8%
Stand-by 8hr ကို 2-3% ဆိုတာကတော့ မဆိုးဘူးပြောရမှာပါ။ Gaming ပိုင်းမှာတော့ Mobile Legend ကို Setting အဆုံး၊ High Frame Rate Mode နဲ့ 4G Internet သုံးဆော့ရင်တော့ 1hr ကို 19% လောက် ပြုတ်ပါတယ်။ ဒီတော့ တစ်ရက်ကို 2hr နဲ့အထက် ဂိမ်းဆော့သူတွေတွက်တော့ Mi 9 က 1 Day Phone ဖြစ်ဖို့မလွယ်ဘူး။ ဒါပေမယ့် ဂိမ်းမဆော့ပဲ Light to Normal Usage မှာတော့ 100 to 10% ထိကို 10-11 hr လောက် Usage Time ရတာတွေ့ရတယ်။

Battery Life ကို ပြန် Cover လုပ်ပေးတာက သူ့ရဲ့ Charging Speed ပါ။ 27W Fast Charge က Out-of-box ပါပြီး 0-100% ကို 70min လောက်နဲ့ အပြည့်သွင်းနိုင်တဲ့အထိ မြန်တယ်။ Smart ကျကျ သုံးချင်သူတွေတွက်ကလဲ Mi ကထုတ်တဲ့ 15W Wireless Charger ကို ဝယ်သုံးနိုင်တယ်။ (ခုထိတော့ ပစ္စည်းထပ်မဝင်သေး) ဆိုတော့ Battery Life အနေနဲ့ 4000 mAh နဲ့အထက်ဖုန်းတွေလောက် အသုံးမခံရင်တောင် သင့်တင့်တဲ့အနေအထားမှာရှိပြီး သူ့ Charging ပိုင်းကတော့ အတော်အားရဖို့ကောင်းနေပါတယ်။

Camera

Mi 9 ဟာ Triple Camera Set up နဲ့ 48MP Camera သုံးတဲ့ Xiaomi ရဲ့ ပထမဆုံး High End Smartphone ဖြစ်လာခဲ့တယ်။ Main Camera အပြင် Hardware ပိုင်းအနေနဲ့ Telephoto Lens မှာ f/2.2 ဖြစ်လာတာ၊ 16MP Ultra-wide Camera ပါလာတာ စတဲ့ ပြောင်းလဲမှုတစ်ချို့ပါလာတယ်။ ပထမဆုံးအသိပေးထားချင်တာက ဒီ Camera ၃လုံးစလုံးမှာ OIS မပါပါဘူး။ ဒါပေမယ့် Handheld ရိုက်တဲ့အခါမှာတော့ လက်မငြိမ်တတ်တဲ့ကိုယ်တွေတွက်တောင် ထင်သလောက်ပြသနာမတွေ့ခဲ့ရဘူး။ ပြီးတော့ 48MP Sensor မှာ မနှစ်က 12MP Sensor လို Dual Phase Detection Auto Focus (PDAF) မပါတော့ သူ့အစား Laser Focus ကို အပေါ်က Camera ၂ခုကြားမှာ ထည့်ပေးထားတာတွေ့ရတယ်။ ဒီတော့ Low Light Video ရိုက်တဲ့အချိန်ကလွဲရင် တော်ရုံအချိန်မှာ Focus ပိုင်းမြန်တယ်၊ တိကျတယ်။

Image Quality ကတော့ Daylight မှာ မြင်တဲ့အတိုင်း အပြစ်ပြောစရာ မရှိသလောက်ပဲ။ Color ပိုင်းက Natural ဆန်တဲ့ဘက်သွားတယ်။ Detail, Dynamic Range ကလည်း Flagship Level ပြည့်မီတယ်။ Ultra-wide Photo တွေက Flagship တွေနဲ့ယှဉ်ရင်တော့ Detail နဲ့ Angle ပိုင်းမဆိုစလောက်လျော့ပေမယ့် Day Time မှာဆို ပုံကောင်းကောင်းရတယ်။ ဓာတ်ပုံရိုက်တဲ့အခါ HDR ကို Auto ထားပေးရင်တော့ ပိုအဆင်ပြေမယ်လို့ အကြံပေးချင်တယ်။

Low Light မှာ ပထမဆုံးသတိထားမိတဲ့အချက်က Mi 8 တုန်းကထက် Noise Reduction ပိုကောင်းလာတာ။ Mi 9 ရဲ့ Low Light Auto ပုံတွေက ISO သိန်းချီတဲ့ပုံတွေကို Noise ကို Handle လုပ်နိုင်တဲ့ P30 Pro ကို မမှီသည့်တိုင် Respectable Level တစ်ခုမှာတော့ ရှိတယ်။ Noise Reduction ကြောင့် Sharpness နဲ့ Shadow တွေမှာ Detail တစ်ချို့ကျပေမယ့် ထွက်လာတဲ့ပုံတွေကတော့ မျက်လုံးကမြင်တဲ့အခြေအနေနဲ့ အနီးစပ်ဆုံး အနေအထားမှာရှိတယ်။ (သစ်ရွက်တွေ၊ အဝါရောင်တွေမှာ Color Saturate မဆိုစလောက်ရှိတာကလွဲရင်ပေါ့)

Xiaomi မှာသုံးထားတာ Night Mode ပါ၊ Bright Mode မဟုတ်ပါဘူး။ ဒီတော့ ညကို နေ့အလားလင်းအောင်တော့ စွမ်းဆောင်နိုင်မှာမဟုတ်တာ ကြိုအသိပေးပါ့မယ်။ Mi 9 ရဲ့ Night Mode မှာ အားမရတဲ့အချက် ၂ ချက်ရှိတယ်။ ပထမတစ်ချက်က Exposure ပိုင်းပါ။ အထူးသဖြင့် သစ်ပင်တွေရိုက်မိတဲ့အခါမှာ Detail တွေကျကုန်တာ၊ တစ်ချို့ Shadow Area တွေက Night Mode မှာ ပိုမဲပြီး ဂျပ်ပြင်ကြီးတွေလိုဖြစ်ကုန်တာတော့ Annoy ဖြစ်မိတယ်။ နောက်တစ်ချက်က Noise အပိုင်း။ Mi 9 ရဲ့ Night Mode Photo တွေက Auto Mode ထက် Noise ပိုများတယ်။ ဒါကလဲ ISO သောင်းကျော်တဲ့ပုံတွေကို ပုံပြန်ထပ်တဲ့အခါမှာ Processing အပိုင်းရဲ့လိုအပ်ချက်လို့ ယူဆမိတယ်။ သူ့ရဲ့အားသာချက်တွေကိုပြောရရင် အလင်းတွေကို ဝပ်ပြီး အရောင်မှန်ထွက်အောင် လုပ်ပေးနိုင်တယ်။ နောက်တစ်ချက်က Night Mode ရိုက်ချိန်က 2-3 Second ပဲကြာတာပါ။

ဒီတော့ Mi 9 ရဲ့ Night Mode က အလင်းအတော်နဲတဲ့ Condition နဲ့ Exposure ပိုင်းတွေမှာတော့ Pixel, Huawei တို့ရဲ့ Night Mode တွေနဲ့ယှဉ်ရင်တော့ အပြတ်အသတ်ကျန်ခဲ့မှာပါ။ Night Mode ကို ကောင်းစေချင်ရင်တော့ Google Camera Port Apk ကို သေချာပေါက်သုံးရပါလိမ့်မယ်။ လက်ရှိချိန်မှာတော့ XDA မှာ G Cam နဲ့ပတ်သက်ပြီး Source ၃ ခုကနေ Version ၃မျိုးထွက်ထားတာမို့ ကိုယ့်စိတ်ကြိုက် ရွေးသုံးနိုင်တယ်။ Camera2api Support ပါတဲ့အတွက် Apk ကို ဒီအတိုင်း Down သုံးရုံပါပဲ။

နောက်တစ်နည်းက Manual Mode ပါ။ ကိုယ်က Camera ပိုင်းလဲစိတ်ဝင်စားတယ်၊ Night Shot ကောင်းကောင်းလဲရချင်တယ်ဆိုမှတော့ ဘာလို့ Tripod မဆောင်နိုင်ရမှာလဲ? Tripod အကြီးတွေက နေရာယူလို့ဆိုရင်တောင် လက်တစ်ဖဝါးစာ Mini-tripod လေးတွေရှိနေတာပဲ။ Shutter Speed 2sec လောက်သုံးရုံနဲ့ Noise ပိုနဲ၊ Quality ပိုကောင်းနိုင်တဲ့ Low Light Photo တွေရနိုင်မယ်။ ပြီးတော့ Mi 9 မှာ Ultra-wide Lens အတွက် Shutter Speed ကို Main Camera နည်းတူ 32sec Support ပေးထားတာဆိုတော့ Low Light Photography အတွက် Manual Mode ကို သုံးကြည့်ဖို့အကြံပေးပါရစေ။

f/2.2 Aperture ကြောင့် Mi 9 ရဲ့ Portrait Photo တွေက အရင်ထက် ပိုအဆင်ပြေလာတယ်ဆိုပေမယ့် Low Light မှာတော့ Main Camera နဲ့ရိုက်တဲ့ Portrait Photo တွေနဲ့ယှဉ်ဖို့တော့ မဖြစ်နိုင်သေး။ Xiaomi အနေနဲ့ Mi Mix 4 ဒါမှမဟုတ် နောက်နှစ် High End Model သစ်မှာ TOF လို Sensor မျိုးနဲ့ အစားထိုးဖို့လိုပြီထင်တယ်။ 48MP Mode က ဒီအတိုင်းမှာတော့ 12MP Mode နဲ့ယှဉ်ရင် သိပ်မကွာဘူးထင်ရပေမယ့် Cropping လုပ်ကြည့်တဲ့အခါမှာ Detail သိသိသာသာပိုကောင်းတာ သတိထားမိတယ်။ ပြီးတော့ သူ့ရဲ့ 10x Digital Zoom Quality က Day Light မှာဆို အတော်ကောင်းတဲ့ Result ကိုရတာ မြင်ခဲ့ရတယ်။ လူသိနဲလောက်မယ်ထင်လို့ ထည့်ပြောချင်တဲ့အချက်က သူ့ရဲ့ Ultra-wide Lens က Object ရဲ့ 4cm လောက်အကွာထိ အနီးကပ်ပြီး Macro Shot တွေရိုက်နိုင်တာပါ။

20MP Selfie Camera က Hardware ပိုင်းမှာ မနှစ်ကနဲ့မပြောင်းလဲခဲ့ပေမယ့် Software Support ကြောင့်လားပဲ၊ Mi 8 တုန်းကလောက် Light Burn တာတွေမရှိတော့ပဲ အတော်လေးအဆင်ပြေလာတယ်။ အားမရသေးတဲ့အချက်ကတော့ Selfie Video ရိုက်ရင် EIS Support မရသေးတာပါ။ DXO Mark ရဲ့ Video Score မှာ အမှတ်များတာကလဲ အဆန်းတော့မဟုတ်လှ၊ Mi 9 ရဲ့ Video Recording ပိုင်းက အတော့်ကို တိုးတက်လာတယ်။ 4K ရော 1080p မှာပါ 30fps Mode မှာဆို EIS Support ပါပြီး Footage တွေကလဲ အတော့်ကိုငြိမ်တယ်။ 60fps Mode မှာကတော့ Quality ရှယ်မိုက်သလောက် Stabilization Support မရသေးတာ စိတ်မကောင်းစရာပါ။

ဆိုတော့ Camera ပိုင်းကို အနှစ်ချုပ်ရင် Overall Image Quality ကို အားရတယ်။ Night Mode ကို ခုထက်ပိုပြီးတိုးတက်စေချင်တယ်။ Video ပိုင်းမှာ 60fps Mode နဲ့ Selfie Video ကို Stabilization Support ရစေချင်တယ်။ ဒီဈေးမှာ Camera အသားပေးရွေးမယ်ဆိုရင်တောင် Xiaomi Mi 9 ကိုရွေးလို့ နောင်တရစရာအကြောင်းရှိလိမ့်မယ်မထင်မိပါဘူး။

Mi 9 အကြောင်းစဉ်းစားရင် Kuroko no Basuke ထဲက Kise Ryouta ဆိုတဲ့ Fictional Character ကို သွားသတိရမိတယ်။ သူ့မှာ ရုတ်တရက်ကြည့်ရင် Unique ဖြစ်တဲ့ ကိုယ်ပိုင် Skill မျိုး သီးသန့်မတွေ့ရဘူး။ ဒါပေမယ့်သူ့ကိုပေးထားတဲ့နာမည် ရှိတယ်။ အဲဒါက Perfect Copycat ပါ။ သူများတကာရဲ့ ကျွမ်းကျင်မှုကို အကောင်းဆုံးအတုယူပြန်အသုံးချတတ်တဲ့ပညာပေါ့။ Steve Jobs သုံးနေကျ Picasso ရဲ့ စကားတစ်ခွန်းရှိတယ်။ ‘Good artists copy, Great artists steal.’ တဲ့။ (သည်ကား စကားချပ်)

ဒီလောက်ဆိုရင် Mi 9 ဟာ ကျွန်တော်တို့မျှော်မှန်းထားတဲ့ Expectation တွေကို ပြည့်မှီတဲ့ဖုန်းတစ်လုံး ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ သိလောက်ပြီထင်ရဲ့။ Xiaomi ဟာ အတိတ်ကအမှားတစ်ချို့အပေါ် သင်ခန်းစာယူရင်း သူတို့ရဲ့ Flagship Smartphone တွေကို တစ်နေရာထဲ ချွန်ထွက်နေဖို့ထက် ဘက်ပေါင်းစုံကနေ ပိုပြီးကောင်းအောင်ဖန်တီးနေကြောင်း Mi 9 က သက်သေပြနေပါတယ်။ Flagship လို့ကြားလိုက်ရင် $1000 နဲ့အထက်ဖြစ်နေတဲ့ ဒီဘက်ခေတ်မှာ Mi 9 လို P2P High End တွေ ခုထက်ပိုပြီးပေါ်လာစေချင်တယ်။ ဒီတော့ Xiaomi Mi 9 ဟာ ၆သိန်းဝန်းကျင်မှာ သင့်ရဲ့ကုန်ကျတဲ့ငွေပမာဏထက်ပိုတဲ့ စိတ်ကျေနပ်မှုမျိုးရစေနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်နေလိမ့်မယ်လို့ပြောရင်း Review ကို အဆုံးသတ်ပါ့မယ်။